ရဟတ်ယာဉ်မတော်တဆမှုတွင် ပြင်သစ်အားကစားငွေကြယ်ပွင့်များ သေဆုံး

အာဂျင်တီးနားနိုင်ငံတွင်းက ရုပ်သံရိုက်ကွင်းမှာ ရဟတ်ယာဉ် ၂ စီး မတ် ၉ ရက်နေ့က တိုက်မိခဲ့လို့ ပြင်သစ် အားကစား ငွေကြယ်ပွင့် ၃ ယောက်အပါအဝင် လူ ၁၀ ယောက် သေဆုံးပါတယ်။ အာဏာပိုင်တွေကတော့ အင်ဒီးစ်တောင်တန်းတွေနား နိုင်ငံအနောက်ပိုင်းခရိုင် လာရီယိုဂျာမှာ မတော်တဆဖြစ်ရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိသေးဘူး လို့ ပြောပါတယ်။ ရဟတ်ယာဉ်တွေဟာ တိမ်ကင်းစင် ရှင်းလင်းနေတဲ့ ကောင်းကင်မှာ အမြင့်မီတာ ၁၀၀ လောက်မှာ ပျံသန်းနေရာက ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၅ မိနစ်မှာ အချင်းချင်း တိုက်မိတာလို့ အာဂျင်တီးနားသတင်းရင်းမြစ်ကို ကိုးကားပြီး ပြင်သစ်မီဒီယာက အစီရင်ခံပါတယ်။ မျက်မြင်သက်သေ ဒေးဗစ်အိုကမ်ပိုက အခင်းဖြစ်ရာနဲ့ မီတာ ၅၀ အကွာမှာ ရှိနေခဲ့ပြီး ရဟတ်ယာဉ်တွေ မီးလောင်ခဲ့တယ်လို့ ပြောပါတယ်။ အပျက်အစီးတွေကြားက အလောင်းတွေကို ပြန်ရရေး ပြင်ဆင်မှုတွေ လုပ်နေပြီလို့ ဒေသခံ မြို့တော်ဝန် အန်ဒရေ နာဗာရေတေက ပြောပါတယ်။ မတော်တဆဖြစ်ချိန်က ပျံသန်းမှုအခြေအနေက စံပြ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။ လေယာဉ်မှူး ၂ ယောက်နဲ့ အတူ အေအယ်လ်ပီ(ALP) ရုပ်သံထုတ်လုပ်ရေးအဖွဲ့ဝင် အတော်များများလဲ သေဆုံးတဲ့လူတွေထဲမှာ ပါခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ တိုက်မိမှုဟာ တကယ့်ဖြစ်ရပ်တွေကို ရိုက်ကူးထုတ်လုပ်တဲ့ အေအယ်လ်ပီကုမ္ပဏီရဲ့ ၂ နှစ်အတွင်း ဒုတိယမြောက် မတော်တဆမှု ဖြစ်ပါတယ်။ [gallery ids="85141,85142,85143,85144,85145"]

More News
Up