လေကြောင်းတိုက်ခိုက်မှုအတွင်း အိုင်အက်စ်စစ်သွေးကြွများ အပါအ၀င် ၃၀ ဦး သေဆုံး

အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေရဲ့ ဆီးရီးယားနိုင်ငံတွင်း လေကြောင်းတိုက်ခိုက်မှု တရပ်က တူရကီနယ်စပ်နားက အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(အိုင်အက်စ်)စစ်သွေးကြွတွေ လုပ်ငန်း လည်ပတ်နေတဲ့ ရေနံချက်စက်ရုံကို မတ် ၈ ရက်နေ့က ထိမှန်ခဲ့လို့ လူအယောက် ၃၀ သေဆုံး တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က အစီရင်ခံပါတယ်။ သေဆုံးသူတွေက ရေနံချက်စက်ရုံလုပ်သားတွေနဲ့ အိုင်အက်စ်စစ်သွေးကြွတွေလို့ လေ့လာရေးအဖွဲ့ က ရာမင် အဗ္ဗဒူရာမန်က ပြောပါတယ်။ တူရကီနယ်စပ်နား တဲလ်အဘ်ယဒ်မြို့ရဲ့ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ရေနံချက်စက်ရုံကို ပစ်မှတ်ထားခဲ့တာလို့ သူက ဆက်ပြောပါတယ်။ အင်တာနက်ပေါ်တင်လာတဲ့ ရုပ်သံမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ရေနံချက်စက်ရုံမှာ ကြီးမားတဲ့ ပေါက်ကွဲမှုကို မြင်ရပြီး ဒါဟာ ဒုတိယအကြိမ် ပစ်ခတ်မှုလို့ ပြောနေတာကို ကြားရပါတယ်။ လူမှုကွန်ယက်မီဒီယာပေါ်က ရတဲ့ ရုပ်သံကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြုနိုင်မှုတော့ မရှိသေးပါဘူး။ အိုင်အက်စ်တွေဟာ ဆီးရီးယားနဲ့ အီရတ်က ကျယ်ပြန့်တဲ့နယ်မြေတွေကို သိမ်းပိုက်ပြီး နယ်ခြားမျဉ်းကို ပယ်ဖျက်ရင်း ဘာသာရေးဆရာ အုပ်ချုပ်တဲ့ ကာလီဖာနိုင်ငံတော်လို့ ခေါ်ဝေါ် သုံးနှုန်းခဲ့ပါတယ်။ အိုင်အက်စ်တွေ ထိန်းချုပ်ထားတဲ့ ဆီရီးယားမြောက်ပိုင်းနဲ့ အရှေ့ပိုင်းက နယ်မြေတွေထဲမှာ ရေနံထုတ်လုပ်တဲ့ဒေသ ဖြစ်လို့ သူပုန်တွေရဲ့ လှုပ်ရှားမှုတွေကို ကောင်းကောင်း ဘဏ္ဍာရေး ထောက်ပံ့နိုင်နေပါတယ်။ ကုလသမဂ္ဂကတော့ အိုင်အက်စ်တွေရဲ့ ရေနံကနေ ဝင်တဲ့ငွေဟာ ၁ ရက်ကို အမေရိကန်ဒေါ်လာ ၈သိန်းခွဲ နီးပါးကနေ အမေရိကန်ဒေါ်လာ ၁.၆သန်းထိ ရှိတယ်လို့ နိုဝင်ဘာလ က ခန့်မှန်းခဲ့ပါတယ်။ [gallery ids="84956,84957,84958,84959"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up