Home
အထွေထွေ
ကေအိုင်အိုအဖွဲ့ သမ္မတ၊ ကာချုပ်တို့နှင့် နေပြည်တော်တွင် တွေ့ဆုံမည်
DVB
·
March 9, 2015
ကေအိုင်အို ကချင်လွတ်လပ်ရေးအဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအ၀င် မဟာ မိတ်တပ်တွေက ကိုယ်စားလှယ်တွေဟာ လာမည့်ရက်ပိုင်း အတွင်း နေပြည်တော်မှာ  နိုင်ငံတော် သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့ကို သွားရောက်တွေ့ ဆုံဖို့ ရှိနေပါတယ်။ အစိုးရက ကေအိုင်အိုကို နေပြည်တော်လာဖို့ ယခင်က ဖိတ်ခေါ်ခဲ့ဖူးသလို ကေအိုင်အိုကလည်း နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့  တွေ့ဆုံဖို့ ပြန်ပြီးအဆိုပြုထားတယ်လို့  ကေအိုင်အို ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးစန့်အောင်က ဒီဗွီဘီကို ပြောပါတယ်။ “တွေ့ဖို့ညှိနှိုင်းနေကြပါတယ်ခင်ဗျ၊ ရန်ကုန်မှာ ကျင်းပမယ့် အန်စီစီတီနဲ့ ယူပီဒဗလျူစီ အစည်း အဝေးကိုသွားရင်း နေပြည်တော်ကို အရင်ဝင်ဖို့ ဖြစ်ပါတယ်။ တကယ်တွေ့ဖြစ်ရင် ကျနော်တို့ ဒီကနေ မတ်လ ၁၂ ရက်နေ့ ထွက်ခွာပါမယ်။ ၁၃ ရက်နေ့မှာ တွေ့ဖို့များပါတယ်။  အချိန်ကလည်း တိုတောင်းတော့ ဘယ်သူတွေနဲ့ တွေ့ရမလဲဆိုတာတော့ အတိအကျမသိရသေးပါဘူး။” ဒီခရီးစဉ်မှာ ကေအိုင်အိုအထွေထွေအတွင်းရေးမှူး ဒေါက်တာလားဂျာ၊ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်၊ ကေအိုင်အိုနဲ့ အစိုးရဆွေးနွေးရေးကိုယ်စားလှယ်ခေါင်းဆောင် ဦးဆွမ်လွတ်ဂွမ် တို့ ဦးဆောင်ပြီး ကေအိုင်အေအဖွဲ့ဝင်တချို့ရော၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေပါ လိုက်ပါသွားဖို့ ရှိနေတာပါ။ ဒါ့အပြင် ဒီခရီးစဉ်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (တီအဲန်အယ်လ်အေ) က ကိုယ်စားလှယ်တွေပါ ပါဝင်ဖို့ရှိပြီး  လိုင်ဇာ ဗိုလ်လောင်းသင်တန်းကျောင်းပစ်ခတ်ခံရမှုကိစ္စ ပြောသွားမယ်လို့  တီအန်အယ်လ်အေ အထွေထွေအတွင်းရေးမှူး မိုင်ဘုန်းကျော်က ဒီဗွီဘီကို ပြောပါတယ်။ “အဓိက ကျနော်တို့လိုက်ရတာကတော့ လိုင်ဇာဗိုလ်လောင်းသင်တန်းကျောင်း လက်နက်ကြီးနဲ့ အပစ်ခံရတုန်းက ကျနော်တို့ရဲဘော် ၁၁ ယောက်ကျတယ်၊ ကျန်တဲ့လူတွေ ဒဏ်ရာရတယ်။ အဲဒီကိစ္စရှင်းဖို့ဆိုပြီးတော့ ကျနော်တို့လိုက်သွားဖို့ ရှိပါတယ်။  ဗိုလ်ချုပ်ဂွမ်မော်ဦးဆောင်ပြီး စုပေါင်းအဆိုပြုတာပါ။ ယူအန်အက်ဖ်စီ၊ အန်စီစီတီတို့ကလည်း အဆိုပြုတယ်။ ရခိုင်တပ်မတော် လည်းပါပါတယ်။ ချင်းတို့ အေဘီတို့တော့ မသိသေးဘူးခင်ဗျ။” ကေအိုင်အို ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးစန့်အောင်ကတော့ နေပြည်တော်မှာ နိုင်ငံအကြီး အကဲတွေနဲ့ တွေ့တဲ့အခါ  တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးနိုင်ဖို့ အန်စီစီတီနဲ့  ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) တို့ကြား ဆွေးနွေးပွဲ အကျပ်အတည်းတွေကျော်လွှားနိုင်ဖို့၊ ကေအိုင်အို ဗိုလ်လောင်းသင်တန်းအပစ်ခံရတဲ့ကိစ္စ၊ ခုလပိုင်းအတွင်း ကေအိုင်အိုနဲ့ အစိုးရတပ်ကြား ပစ်ခတ်မှုတွေ ကြိုကြားကြိုကြား ဖြစ်နေတဲ့အတွက် နှစ်ဘက် ယုံကြည်မှုတွေ ရရှိဖို့  ဆွေးနွေးဖြစ်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကတော့ ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီးတော့ သိရှိခြင်းမရှိကြောင်း ဒီဗွီဘီကို ပြောပါတယ်။ ကေအိုင်အိုနဲ့ အစိုးရဟာ ၂၀၁၄ ခုနှစ် မေလ ၁၃ ရက်က မြစ်ကြီးနားမှာ ငြိမ်းချမ်းရေးကိစ္စ နောက်ဆုံး တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024