Home
မြန်မာသတင်း
လက်သင်္ကေတပြ စကားဝိုင်း တောင်ကြီးတွင် ကျင်းပ
DVB
·
March 9, 2015
နားမကြားသူများ လူ့အသိုင်းအ၀ိုင်း ၀င်ဆန့်နိုင်ရေး ရည်ရွယ်တဲ့  လက်သင်္ကေတပြ စကားဝိုင်းဆွေးနွေးပွဲကို ရှမ်းပြည်နယ် တောင်ကြီးမြို့ လူမှုဝန်ထမ်း ဦးစီးဌာန မူကြိုကျောင်းတွင် မတ် ၆ ရက်ကနေ  ၈ ရက် အထိ ၃ ရက်ကြာ ကျင်းပသွားပါတယ်။ လက်သင်္ကေတစကားဝိုင်း လုပ်ဆောင်ပေးရတဲ့ ရည်ရွယ်ချက်ကို လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယုယုဆွေက “နားမကြားသူ​တွေရဲ့  သဘာဝကို  တတ်​နိုင်​​သမျှ မျှ​ဝေတာပါ။    လက်သ​င်္ကေတပြဘာသာဟာ  နားမကြား​တွေရဲ့  မိခင်​ဘာသာစကား ဖြစ်​တယ်​ဆိုတာရယ်​၊ နားမကြား​တွေရဲ့   ဆက်​သွယ်​မှု အတားအဆီး​တွေကို သိဖို့   လက်​သင်္ကေတပြဘာသာစကားဆိုတာ ကြုံသလို  ပြတာ မဟုတ်​ဘဲ   စနစ်​ကျတဲ့ ဘာသာစကားဆိုတာ​တွေ​ရော ပြည်​သူ​တွေကို သိ​စေချင်​တာပါ။”လို့ ပြောပါတယ်။ ၂၀၁၅ ခုနှစ်မှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ စကားဝိုင်းဆွေးနွေးပွဲကို ၁ ကြိမ်စီ လုပ်သွားမှာ ဖြစ်သလို ၂၀၁၆ ခုနှစ်မှာလည်း တိုးမြင့်လုပ်ဆောင်သွားမယ်လို့ လူမှုဝန်ထမ်းဦးစီးဌာနမှာ သိရပါတယ်။ အများပြည်သူ့တွေ လက်သင်္ကေတဘာသာ တတ်မြောက်လာရင် ရရှိလာမယ့် အကျိုး ကျေးဇူးကို ဒေါ်ယုယုဆွေက “ လက်သင်္ကေတ ဘာသာကို  တတ်​ရင်​​တော့ နားမကြား​တွေနဲ့ ဆက်​သွယ်​ဖို့ လွယ်​ပါတယ်​။ လူတိုင်းတတ်ဖို့က ကျွမ်းကျင်​တဲ့ လက်သင်္ကေတ  ပံ့ပိုးသူ​တွေ  များများရှိဖို့ကိုလည်း ကြိုးစား​နေပါတယ်။”လို့ ဆိုပါတယ်။ အကြားအာရုံ မသန်စွမ်းသူ ဦးနိုင်လင်းက နားမကြားသူတွေရဲ့ လက်သင်္ကေတပြ ဘာသာကို အများပြည်သူတွေ  သိရှိမှု အားနည်းနေပြီး အသိပညာပေးမှု များများလုပ်ဖို့ လိုတယ်လို့ ပြောပါတယ်။ “နားမကြားတွေရဲ့ ဘာသာစကားက တခုတည်းပါ။ လက်သင်္ကေတပြ ဘာသာစကားပါ။ ဒါပေမယ့် နားမကြားဖြစ်တဲ့ အကြောင်းအရင်းကို လိုက်ပြီး လက်သင်္ကေတပြဘာသာစကားရော Lip Reading လို့ ခေါ်တဲ့ နှုတ်ကြည့်ဖတ်တဲ့ ဘာသာစကားကိုပါ အသုံးပြုနိုင်တဲ့သူတွေ ရှိပါတယ်။ နားမကြားသူတွေ အသုံးပြုတဲ့ လက်သင်္ကေတပြဘာသာစကားကတော့ မြန်မာနိုင်ငံအနေနဲ့ သိတဲ့သူ နည်းနေပါသေးတယ်။” လူမှုဝန်ထမ်းဦးစီးဌာနရဲ့ စီစဉ်မှုနဲ့ ကျင်းပတဲ့  ဆွေးနွေးပွဲကို သင်တန်းဆရာနဲ့အတူ တောင်ကြီးမြို့ အရပ်ဘက်အဖွဲ့အစည်းများမှ သင်တန်းသား ၃၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ မသန်စွမ်းဦးရေ ၁၃ သိန်းခန့် ရှိတယ်လို့ လူမှုဝန်ထမ်းဦးစီးဌာနက ထုတ်ပြန် ထားပါတယ်။ [gallery ids="84777,84775,84776,84778"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024