ကိုးကန့် မြွေခြောက်ကိုက်ခံလိုက်ရခြင်း၊ မုံးကိုး စစ်ရာဇ၀တ်မှုနှင့် ဥပဒေစိုးမိုးရေး

မြန်မာဆိုရိုးစကားနဲ့ ကိုးကားသုံးသပ်မည်ဆိုပါက ကာချုပ်မင်းအောင်လှိုင်နဲ့ စစ်အစိုးရ တဖွဲ့လုံး မြွေခြောက်ကိုက်ခံလိုက်ရပြီဟု ဆိုနိုင်သည်။ မြွေသည် သေနေရုံသာမက ခြောက်ပင် ခြောက်သွေ့နေပြီ ဖြစ်သဖြင့် မည်သည့်အဆိပ်မျှ မရှိနိုင်တော့။ အန္တရာယ်ပြုနိင်ရန် ဝေလာဝေးဟု အရာတခုအား အထင်သေးစွာ ပစ်ပယ်ထားခဲ့ရာမှ ယင်းက ပြန်လည်ပြီး အကြီးအကျယ် ပြဿ  နာ ရှာလာသောအခါ မြွေခြောက်ကိုက်ခံရသည်ဟု တင်စား ပြောဆိုကြလေ့ရှိခြင်းပင်။ ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့် မြွေခြောက်က ပြန်ကိုက်လိုက်သောအခါ ကာချုပ် မင်းအောင်လှိုင်နဲ့ စစ်အစိုးရတဖွဲ့လုံး တုန်လှုပ်ခြောက်ခြားသွားကြရသည်။ အဘယ်ကြောင့်နည်း။ ဤပြဿနာကို ကာချုပ်မင်းအောင်လှိုင် အရှက်ပြေပြောနေသလို “ရဲတချို့ကို သတ်ပြီး ထွက်ပြေးသွားခဲ့တဲ့ ရာဇ၀တ်သားတဦးက ဦးဆောင်ပြီး တိုင်းပြည်လုံခြုံရေးကို ထိပါးအောင် လုပ်နေတာ။”  ဟူ၍ အပေါ်ယံကြောကနေ ချဉ်းကပ်၊ စစ်ရေးအင်အားသုံးပြီး ဖြေရှင်းရုံနဲ့ လုံးဝမရနိုင်ပါ။ ဖုန်ကြားရှင် ဦးဆောင်သည့်ကိုးကန့်အဖွဲ့က ဆင်နွှဲသွားခဲ့သည့် လတ်တလောစစ်ပွဲသည် လူ့ခန္ဓာကိုယ်၏ အပေါ်ယံတွင် တွေ့ရသည့် အနာဖုကလေးတခုနဲ့ တူသည်။ သို့ရာတွင် ယင်းကို လိမ်းဆေးမျှနဲ့ ကုစား၍ မရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ယင်းအနာဖုကလေးမှာ ကင်ဆာ၏ အပေါ်ယံလက္ခဏာ ဖြစ်နေပြီး အတွင်းတွင် များစွာ လှိုက်စားနေခဲ့ပြီ ဖြစ်သောကြောင့်ပင်။ ကိုးကန့်မှာ တိုင်းရင်းသားလူမျိုးအဖြစ် သတ်မှတ်ခံရသော်လည်း စင်စစ်အားဖြင့် တရုတ်နွယ်များ ဖြစ်သည်။ ကချင်နဲ့ ရှမ်းတို့သည် မြန်မာနိုင်ငံဘက်ခြမ်းတွင် လူများစု အဓိကအခြေစိုက်ကာ နေထိုင်ကြသော်လည်း တရုတ်နိုင်ငံဘက်ခြမ်းတွင်လည်း ဒေသခံ တိုင်းရင်းသားလူမျိုးအဖြစ် အသိအမှတ် ပြုခံရသည်။ ထိုနည်းတူစွာ ၁၈ ရာစုနှစ်များကတည်းက ရှမ်းပြည်အရှေ့မြောက်ဒေသတွင် အခြေစိုက် နေထိုင်လာခဲ့သည့် ကိုးကန့်အား တရုတ်နွယ်ဖွား ဖြစ်သော်လည်း မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးတမျိုးအဖြစ် အသိအမှတ်ပြုခဲ့ပုံရသည်။ ကိုးကန့်ပြဿ  နာကို တရုတ်မုန်းတီးစိတ်အခြေခံနဲ့ ဆက်စပ်မကြည့်သင့်။ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးတမျိုးရှုထောင့်နဲ့ ပြည်ထောင်စု အမျိုးသားရေးဝါဒအမြင်မှသာ ကြည့်သင့်ပါသည်။ ယင်းမှာ အဘယ်နည်း။ ကမ္ဘာတခွင် ဆက်သွယ်ဆောင်ရွက်သည့် ယနေ့ခေတ်ကြီးတွင် လူတဦးချင်းစီရဲ့ အခွင့်အရေးကို အဓိကထားသည့် လူ့အခွင့်အရေးက ရှေ့တန်းရောက်လာခဲ့သည့်အချိန်တွင် လူ့သမိုင်းအစကတည်းက တည်ရှိလာခဲ့သည့် မိမိတို့ လူမျိုးတမျိုးချင်းစီကို အခြေခံသည့် လူမျိုးရေးဝါဒ သည်လည်း ပြန်လည် အားကောင်းရှင်သန်လာသည်။ သာဓကအားဖြင့် အိမ်နီးချင်းနိုင်ငံများကို ကြည့်ပါ။ အိန္ဒိယနဲ့ ထိုင်းတို့သည် ဒီမိုကရေစီကို အမျိုးသားရေးဝါဒနဲ့ ယှဉ်တွဲကျင့်သုံးကြသည်။ ထိုင်းအမျိုးသားဟု ဆိုလိုက်လျှင် တနိုင်ငံလုံးရှိ ထိုင်းနိုင်ငံသားအားလုံးကို လွှမ်းခြုံသည့် သဘောဆောင်သည်။ အိန္ဒိယအမျိုးသားဟု ဆိုလိုက်လျှင် အိန္ဒိယနိုင်ငံအတွင်းရှိ လူမျိုးအားလုံး (တမီလ်၊ အူရဒူ၊ ဆစ် အစရှိသဖြင့်) အားလုံးကို လွှမ်းခြုံသည်။ တရုတ်နိုင်ငံတွင် ကွန်မြူနစ်၊ ဆိုရှယ်လစ်စနစ်ကို အမျိုးသားရေးဝါဒနဲ့ ယှဉ်တွဲသုံးသည်။ တရုတ်အမျိုးသားဟု ဆိုလိုက်လျှင် တရုတ်တနိုင်ငံလုံးရှိ နိုင်ငံသားအားလုံးကို လွှမ်းခြုံရာ ရောက်သည်။ ပြဿ      နာမရှိကြ။ အဘယ်ကြောင့်ဆိုသော် ထိုင်းတွင် အလွန်နည်းသည့် လူဦးရေသာလျှင် ထိုင်းမဟုတ်သည့် အခြား တိုင်းရင်းသားများ ဖြစ်သည်။ တရုတ်နိုင်ငံတွင်လည်း ထိုနည်းလည်းကောင်းပင်။ အိန္ဒိယတွင် အိန္ဒိယဟူသောအမည်မှာ အိန္ဒိယနိုင်ငံအတွင်းရှိ မည်သည့် လူမျိးတမျိုးတည်းကိုမျှ ကိုယ်စားမပြု။ အမေရိကန် နိုင်ငံမှာကဲ့သို့ပင် လူမျိုးအားလုံးကို လွှမ်းခြုံမှည့်ခေါ်ထားပြီး ဘုံပိုင်ဆိုင်သည့် နိုင်ငံရေးအမည် ဖြစ်နေသည်။ လူ့အခွင့်အရေးကို တဘက်က ပိုမို တန်ဖိုးထားလာကြသော်လည်း မိမိသက်ဆိုင်ရာ တိုင်းပြည်ကို နောက်ခံပြုသည့် အမျိုးသားရေးဝါဒအခြေခံဖြင့် ကမ္ဘာတခွင် ဆက်သွယ် ဆောင်ရွက်သည့် ခေတ်ကြီးကို ချဉ်းကပ်လာကြသည်မှာ ကမ္ဘာကြီးရဲ့ လမ်းကြောင်းလို ဖြစ်လာသည်။ မြန်မာနိုင်ငံတွင် အမျိုးသားရေးဝါဒကို မည်သို့ လက်တွေ့ဖော်ဆောင်မည်နည်း။ ပြဿ  နာ ရှိ လာသည်။ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ကဲ့သို့ မြန်မာလူမျိုးလူဦးရေက အများစုကြီးလည်းမဟုတ်ပြန်။ ကျန်သည့် တိုင်းရင်းသားများ စုပေါင်းလျှင် မြန်မာလူမျိုး လူဦးရေထက် ပိုပြီးများသည်ဟူသော သုံးသပ်ချက်များ ထွက်လာသည်။ တိုင်းရင်းသားများရဲ့ အမည်ရှေ့တွင် ဦး၊ ဒေါ် စသဖြင့် ထည့်ပေးလိုက်ပြီး မြန်မာအဖြစ် အပြောင်းခံလိုက်ရသူ ဦးရေအရေအတွက်မှာလည်း မနည်းကြောင်း ထောက်ပြမှုများ ရှိလာသည်။ မည်သို့ဖြစ်စေ၊ သေချာသောအချက်မှာ မြန်မာဟု ဆိုလိုက်လျှင် မြန်မာလူမျိုးစု လူများစုကြီးကို ညွှန်းဆိုသည့်သဘောရောက်နေသဖြင့် အခြားကရင်၊ ကရင်နီ၊ ကချင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်း စသူတို့က မိမိတို့ကို ရည်ညွှန်းသည်ဟု မခံယူနိုင်ကြ။ ထိုအထဲတွင် ကိုးကန့်လည်း ပါရှိပါမည်။ တိုင်းပြည်ရဲ့ နိုင်ငံရေးအမည်သည် လူမျိုး ကိုယ်စားပြုမှုနဲ့ ဆက်စပ်ကာ ပြဿ    နာ ဖြစ်လာသည်။ [caption id="attachment_84546" align="alignright" width="240"]ဖုန်ကြားရှင် ((Photo Tom Kramer)) ဖုန်ကြားရှင် ((Photo Tom Kramer))[/caption] “ကိုးကန့်ဟာ ငါတို့မြန်မာတွေ ပိုင်တဲ့ နယ်မြေ ဖြစ်တယ်။” ဟူ၍ ဆိုလိုက်သောအခါ လူမျိုးနှစ်မျိုးရဲ့ ပဋိပက္ခအသွင်ကို ဆောင်သွားသည်။ ၄င်းတို့ရဲ့ မူရင်းဇာတိ နယ်မြေဟောင်းကို ပြန်ဝင်ကြောင်း ဖုန်ကြားရှင်အဖွဲ့က ထောက်ပြသည်။ “ကိုးကန့်နယ်မြေမှာ ကျုပ်တို့ တင်ထားတဲ့ တရားဝင် အစိုးရကို ဖုန်ကြားရှင်အဖွဲ့က တိုက်ခိုက်တာဟာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ထိပါးတာပဲ။” ဟု ကာချုပ် မင်းအောင်လှိုင်က ပြောသည်။ ဤတွင် တရားဝင် အစိုးရဟူသည်မှာ အဘယ်နည်း ဟူ၍ မေးစရာရှိလာသည်။ တပြည်ထောင်စနစ်ကို ကျင့်သုံးသည့်နိုင်ငံတွင် ၀န်ကြီးချုပ်က သက်ဆိုင်ရာ ပြည်နယ်အတွင်းရှိ မိမိနှစ်သက်ရာ ပုဂ္ဂိုလ်တဦးကို အုပ်ချုပ်ရေးမှူးအဖြစ် တိုက်ရိုက်လှမ်းပြီး ရွေးချယ်လိုက်ခြင်းမှာ သဘာဝကျသည်။ သို့ရာတွင် ပြည်ထောင်စုနိုင်ငံတွင်မူ ဒေသတခုကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးလိုက်သည်ဆိုလျှင် အဆိုပါ ဒေသအတွင်းရှိ လူထုက ရွေးကောက်တင်မြှောက်ခြင်းခံရသူ ဖြစ်မှသာလျှင် တရားဝင် အုပ်ချုပ်ခွင့်ရှိသည်။ ကိုးကန့်ဒေသတွင် မြန်မာ့တပ်မတော်က ရွေးချယ်ကာ အုပ်ချုပ်ခွင့် ပေးလိုက်သည့် ပိုင်စောက်ချိန်သည် တရားဝင်အစိုးရ ဖြစ်ပါ့မလား။ အကယ်၍ ပိုင်စောက်ချိန်နဲ့  ဖုန်ကြားရှင်တို့ ၂ ဦးကို ကိုးကန့်နယ်မြေတွင် ယှဉ်ပြိုင်ပြီး လွတ်လပ်သည့် ရွေးချယ်တင်မြှောက်ပွဲ ကျင်းပခွင့်ရမည် ဆိုပါက ဖုန်ကြားရှင် အရွေးခံရမည်မှာ သေချာလောက်သည်။ ကာချုပ်မင်းအောင်လှိုင် ခေါင်းဆောင်သည့် မြန်မာ့တပ်မတော်က ကိုးကန့် ပြဿ   နာအပေါ် ချဉ်းကပ်ပုံ လွဲနေကြောင်းကို ဆိုလိုရင်း ဖြစ်သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုပါက သူ့ဒေသတွင် သူလူမျိုးများနဲ့ ဒေသခံ အခြားတိုင်းရင်းသား လူမျိုးများက ရွေးချယ်တင်မြှောက်ခံရသူ အုပ်ချုပ်မှသာ တရားဝင်အစိုးရ ဖြစ်နိုင်ပါမည်။ မြန်မာ့တပ်မတော်က ရွေးချယ်သူကို အုပ်ချုပ်ခွင့်ပေးလိုက်ပြီး ယင်းကို တရားဝင်အစိုးရဟု သတ်မှတ်လိုပါက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို ပြင်ရပါမည်။ ပုဒ်မ ၅၆ အပိုဒ် င ပါအရ “ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ” ဟူသည့် အမည်မှနေ၍ “မြန်မာ့တပ်မတော် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ” ဟူ၍ ပြောင်းရန် လိုပါမည်။ ကာချုပ်မင်းအောင်လှိုင်က ဖုန်ကြားရှင်အား မူးယစ်ဆေးဝါးရောင်းဝယ်သူကြီး၊ လက်နက်မှောင်ခိုထုတ်သူကြီး၊ ရဲ ၁၇ ယောက်ကို သတ်ဖြတ်သူ ရာဇ၀တ်ကောင်ကြီးအဖြစ် စွပ်စွဲလာသည်။ ဤသည်ကို ဥပဒေစိုးမိုးရေး ရှုထောင့်မှ ကြည့်မှသာ အဖြေမှန်ကို တွေ့နိုင်ပါမည်။ တကယ်တမ်း ရာဇ၀တ်မှု ကျူးလွန်ရိုးမှန်လျှင် ကျူးလွန်သည့်အချိန်တွင် မည်သူ့ကို မဆို ချစ်ခြင်း၊ မုန်းခြင်းကင်းစွာနဲ့ အရေးယူရပါမည်။ မိမိက ချစ်နေသည့်အချိန်တွင် ပြစ်မှုများကို ဖုံးကွယ်ထား၊ မိမိက မုန်းသွားသည့်အချိန် ပြစ်မှု မရှိပါဘဲလျက် ပြစ်မှု လုပ်ပြီး အရေးယူရန် ကြိုးစားနေမည်ဆိုပါက မည်သည့်အခါတွင်မျှ ဥပဒေစိုးမိုးရေး မရှိနိုင်၊ တိုင်းပြည်စစ်မှန်သည့် တည်ငြိမ်မှု မရနိုင်ပါ။ ဖုန်ကြားရှင်ဘက်ကမူ ဘိန်းစိုက်ပျိုးရေးကို ၄င်းကိုယ်တိုင် ဦးဆောင်ပြီး တိုက်ဖျက်ခဲ့ကြောင်း၊ အခြား စီးပွားရေးလုပ်ငန်းများကို တိုးချဲ့လုပ်စေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုခဲ့သဖြင့် ဒေသတွင်း လူထုစီးပွားရေး တိုးတက်လာခဲ့ကြောင်း ဆိုသည်။ သေချာသောအချက်မှာမူ ဖုန်ကြားရှင် ကိုးကန့်ဒေသကို ကြီးစိုးခဲ့စဉ်က ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေး အောင်မြင်အောင် လုပ်နိုင်ခဲ့သည်လို့ န၀တစစ်အစိုးရကိုယ်တိုင်က ဖုန်ကြားရှင်နဲ့ လက်တွဲကာ ဂုဏ်ယူ ၀င့်ကြွားခဲ့ကြသည်။ အကယ်၍ ဖုန်ကြားရှင်သည် မူးယစ်ရာဇာကြီး ဖြစ်ခဲ့လျှင် ထိုစဉ်က အဘယ်ကြောင့် အရေးမယူခဲ့သနည်း။ ဘိန်းစိုက် ကျဆင်းပြီး မြန်မာ့တပ်မတော်ရဲ့ ၀င်ငွေကို ထိခိုက်စေခဲ့သဖြင့် ၄င်းအပေါ်တွင် အမုန်းပွားလာခဲ့ကြောင်း ဖုန်ကြားရှင်က ပြန်လှန်စွပ်စွဲသည်။ ဥပဒေစိုးမိုးရေးသည် ဘက်တဘက်တည်းကိုသာ ကြည့်၍မရပါ။ ၁၉၈၉ ခုနှစ် မတ် ၁၂ ရက်နေ့မှာ ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်အဖွဲ့ဟာ ဗမာပြည် ကွန်မြူနစ်ပါတီ(ဗကပ)ကနေ ခွဲထွက်ပြီး မြန်မာနိုင်ငံ လူမျိုးစု ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (အမ်အန်ဒီအေ) တည်ထောင်လိုက်သည့်အချိန်မှ စပြီး န၀တ၊ နအဖစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်လိုက်ပြီးသည့်နောက် ကိုးကန့်ဒေသသည် မြန်မာ့တပ်မတော်ရဲ့ တိုက်ရိုက်ကွပ်ကဲမှု အောက်ကို ကျရောက်သွားခဲ့သည်။ ထိုအချိန်တွင် မြန်မာစစ်တပ်သည် စစ်ရာဇ၀တ်မှုကြီးကို ကျူးလွန်ခဲ့သည်။ “ကိုးကန့်ဒေသမှာ ဖုန်နဲ့ ရန်မျိုးနွယ်စုအလိုက် အားပြိုင်နေရာလုခဲ့ကြမှုကလည်း ကာလ တလျှောက်လုံး ရှိခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်ကျော် ကာလမှာတော့ ဖုန်နဲ့ ရန်တို့ရဲ့ ပဋိပက္ခဟာ အကြီးအကျယ် ပေါ်ထွက်လာခဲ့ပြီး အပြန်အလှန် လက်နက်ကိုင် တိုက်ခိုက်ကြတဲ့အထိ ဖြစ်ပေါ် လာခဲ့ပါတယ်။ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်ကနေ မုံးကိုးအထိသော ကိုးကန့်နယ်မြေဒေသအတွင်းမှာ ဒုဗိုလ်ချုပ်ကြီးခင်ညွှန့်ရဲ့ ထောက်လှမ်းရေးတပ်ကနေ ဝင်ရောက် ဖျန်ဖြေပေးခဲ့ရာမှာ ကွမ်းလုံ ဒေသတဖက်ကို ရန်မျိုးနွယ်စုကို အပိုင်အစားပေးခဲ့ပြီး၊ မုံဆာလခေါင်းဆောင်တဲ့ အုပ်စုကိုတော့ မုန်းကိုးဒေသကို ခွဲတမ်း ချပေးခဲ့ရင်း၊ ချင်းရွှေဟော်နဲ့ လောက်ကိုင်အပါအဝင် အဓိက ကိုးကန့်နယ်မြေ ဒေသ အများစုကြီးကိုတော့ စစ်အစိုးရနဲ့ ပထမဆုံးနားလည်မှု ရယူခဲ့တဲ့ ဖုန်ကြားရှင်း ခေါင်းဆောင်တဲ့ အုပ်စုကို အပိုင် စားပေးခဲ့ပါတယ်။” “၂၀၀၀ ပြည့်နှစ်ကုန်ခါနီး အောက်တိုဘာ ၂၄ ရက်နေ့မှာ မုံးကိုးဒေက ဥက္ကဋ္ဌ မုံဆာလကို လီနင်မင် ဦးဆောင်တဲ့အဖွဲ့က အာဏာသိမ်းယူဖို့ ကြိုးစားတဲ့ အဖြစ်အပျက်တခု ပေါ်ပေါက်ခဲ့ပြီး မုံဆာလကရော၊ လီနင်မင်ကပါ နဝတရဲ့ စီမံခန့်ခွဲဖြေရှင်းပေးမှုကို လိုက်နာပါ့မယ်လို့ သူ့ထက်ငါ အပြန်အလှန် တင်ပြခဲ့ကြပါတယ်။ နဝတ စစ်အစိုးရကနေ ဖြေရှင်းပေးလိုက်ပုံကတော့ ယာလည်းအညက် ကြက်လည်းအမော ပေါ်လစီကို ကျင့်သုံးထိုင် ကြည့်နေခဲ့ပြီးမှ လီနင်မင် ခေါင်းဆောင်တဲ့တပ်ဖွဲ့ဝင် ၁၀၀ လောက်ကို အနီးကပ်သေနတ်နဲ့ တေ့ပစ်သတ်ပြီး ကျင်းကြီးကြီးတွေထဲ အစုလိုက် အပြုံလိုက် မြှုပ်ပစ်ခဲ့တယ်။” ဒီရာဇ၀တ်မှုကြီးကို စစ်အစိုးရအဆက်ဆက်က ဖုံးကွယ်ထားခဲ့သည်မှာ ၁၅ နှစ်အတွင်း ချဉ်းနင်း ၀င်ရောက်လာခဲ့ပြီ။ အပစ်ရပ်အဖွဲ့များအတွက် သင်ခန်းစာ ယူကြရပါမည်။ ဒီရက်စက်မှုကြီးကို ကြည့်ကာ တိုင်းရင်းသားများရဲ့ စိတ်တွင် ငါတို့ လက်ထဲမှာ လက်နက်ကိုင် ထားမှသာ ဘ၀အာမခံချက်ရှိမယ်ဟု ယုံကြည်လာကြသောအခါ ပြည်တွင်းငြိမ်းချမ်းရေးမှာ လိုက်လေဝေးလေ ဖြစ်နေသည်။ ဒီရာဇ၀တ်မှုကြီးကို မြန်မာ့တပ်မတော်က ကျူးလွန်ခဲ့ခြင်း မဟုတ်ဟု ဆိုပါက ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်များကို ဖိတ်ခေါ်ပြီး ကိုးကန့်ဒေသကို ကုလသမဂ္ဂအုပ်ချုပ်မှု လက်ထဲကို အပ်ကာ နိုင်ငံတကာ စုံးစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းစစ်ဆေးစေမည်ဆိုလျှင် အမှုမှန် ပေါ်လာပါမည်။ ဥပဒေစိုးမိုးရေး မရှိပါက ပြည်တွင်းငြိမ်းချမ်းရေး မည်သို့မျှ ရနိုင်ဖွယ်မရှိ။ ဖွဲ့စည်းပုံအရ ရဲတပ်ဖွဲ့ကို တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်တွင် ထားရုံသာမက စစ်ဗိုလ်ဟောင်းများကို ရဲတပ်ဖွဲ့ ခေါင်းဆောင်များအဖြစ် ရွှေ့ပြောင်း ခန့်ထားလိုက်သောအခါ မြန်မာ့တပ်မတော်က ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုကြီးများကို မည်သို့မျှ ဖော်ထုတ် စစ်ဆေးလို့ မရနိုင်တော့ပါ။ ကိုပါကြီးအမှု၊ ကေအန်ယူမှာ စောတာနိ သတ်ဖြတ်ခံရမှု၊ ဖားကန့်မှ ဂျာဆင်းအိန်အမှု၊ ရှမ်းပြည် နယ် မူဆယ်ခရိုင် ကောင်းခါးကျေးရွာမှ ကချင်သာသနာပြုဆရာမလေး ၂ ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရမှု အစရှိသဖြင့် အမှုပေါင်း မြောက်မြားစွာသည် သိသိကြီးနဲ့ လက်သည်မဖော်နိုင်ဘဲ အစပျောက်နေရသည်။ မြန်မာ့တပ်မတော်က ကိုယ်ကိုယ်တိုင် ကျူးလွန်ခဲ့သော ပြစ်မှုများအား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ ကိုယ့်ဖာသာကိုယ် တည်ဆောက်ထားသည့်တရားရုံးတွင် ကိုယ့်အမှုကိုယ် စီရင်ခွင့်ရနေသောအခါ အခြေအနေမှာ ကမ်းကုန်အောင်ပင် ဆိုးဝါးနေတော့သည်။ လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားနေသည် ဖြစ်စေ၊ အပစ်ရပ်ထားသည် ဖြစ်စေ ယင်း အခြေအနေ တည်ရှိနေသမျှ ကာလပတ်လုံး ဥပဒေစိုးမိုးရေး ပျက်သုဉ်းနေမည် ဖြစ်သဖြင့် မည်သည့်အခါတွင်မျှ စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်။ ဒါတွေကို ပြောင်းပြန်လှန်နိုင်ရန်မှာ ၂၀၀၈ ဖွဲ့စည်းပုံတခုလုံးကို သမိုင်းအမှိုက်ခြင်းထဲ လွှင့်ပစ်ပြီး ဒီမိုကရက်တစ် ဖက်ဒရယ်ဖွဲ့စည်းပုံအသစ်တခုကို ရေးဆွဲကာ ၄င်းအရ လွတ်လပ်သော တရားစီရင်ရေးစနစ်တရပ်ကို တည်ထောင်ပြီး ရဲတပ်ဖွဲနဲ့ တိုင်းပြည်လုံခြုံရေးအဖွဲ့အစည်းများအား တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်မှ လွတ်လပ်စွာ ဖွဲ့စည်းကာ လူထုက ရွေးကောက်တင်မြှောက်သည့် အရပ်သားအစိုးရရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ထားမှသာလျှင် စစ်မှန်သည့် ဥပဒေစိုးမိုးရေး ရလာနိုင်ဖွယ် ရှိသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၁ အရ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များသည် စစ်အာဏာရှင်စနစ်ကိုသာ သက်ဆိုးရှည်စေမည် ဖြစ်သည်။ အထူးသဖြင့် ပုဒ်မ ၄၁၃ ပါ ပြဌာန်းချက်အရ တရားစီရင်ရေးအာဏာကိုပါ ကာချုပ်လက်ထဲကို အပ်နှင်းလိုက်ခြင်းမှာ တက်တက်စင် လွဲနေသည်။ မည်သို့သော အရေးပေါ်အခြေအနေအောက်တွင်မဆို တရားစီရင်ရေးအာဏာသည် ပုံမှန် တရားရုံးနဲ့ တရားသူကြီးများလက်ထဲတွင်သာ ရှိရပါမည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအောက်တွင် ကိုးကန့်လူထုရဲ့ အသက်မှာ ဖက်နဲ့ ထုတ်ထားရုံမှတပါး အခြား မရှိနိုင်ပါ။ မြန်မာ့တပ်မတော်အား တရားဝင်လူသတ်လိုင်စင် ပေးလိုက်သည့် သဘောရောက်နေသောကြောင့် ဖြစ်သည်။ ဖုန်ကြားရှင် ပြန်လည်ရှင်သန်လာပြီး ကိုးကန့်ကို ပြန်တိုက်နိုင်သည့်အတွက် မုံးကိုး လူသတ်ပွဲကြီး ပြန်ပေါ်လာမည်ကို စစ်အစိုးရနဲ့ မြန်မာ့တပ်မတော်တို့အနေဖြင့် ဥပဒေစိုးမိုးရေး ရှုထောင့်မှ စိုးရိမ်တကြီး ဖြစ်ရသလို နိုင်ငံရေးအာဏာရှုထောင့်မှာလည်း ကြောက်လန့်တကြား ဖြစ်လာသည့် သဘော ရှိသည်။ ဖုန်ကြားရှင် ခေါင်းဆောင်ခဲ့သည့် ကိုးကန့်အဖွဲ့ပြသာနာသည် နှယ်နှယ်ရရ မဟုတ်ပါ။ ၁၉၆၈ ခုနှစ်မှ စတင် ဖော်ဆာင်ခဲ့ပြီး ၁၉၈၉ ခုနှစ်အထိ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတွင် တည်ရှိခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ရဲ့ လွတ်မြောက်ဒေသကြီးကိုပါ ဆုံးခန်း တိုင်စေခဲ့ သည့် စနက်တံ ဖြစ်ခဲ့သည်။ အရင်းခံမှာမူ စစ်အစိုးရအဆက်ဆက်ရဲ့ ကွန်မြူနစ်ကြောက်ရောဂါ အပေါ် အခြေခံသည်။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ပွားပြီးစအချိန်တွင် စစ်အစိုးရသည် အရူးမီးဝိုင်း ဖြစ်ခဲ့သည်။ မြန်မာ့တပ်မတော်က အနည်းဆုံး လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့သည်အထိ ရက်စက်စွာ ပစ်ခတ် နှိမ်နင်းခဲ့သော်လည်း မြို့ပြဒေသများတွင် အုပ်ချုပ်ရေး တည်ငြိမ်သေးခြင်း မရှိ။ အရှေ့မြောက်ဒေသတွင် ဗမာပြည်ကွန်မြူနစ်ပါတီ ဦးဆောင်သည့် လက်နက်ကိုင်တိုက်ပွဲကြီးများက စစ်အစိုးရတပ်အမြောက်အများကို ချုပ်ငင်ထားနိုင်ရုံမျှမက အတော်ပင် အထိနာအောင် တိုက်ပွဲ ၀င်နိုင်ခဲ့သည်။ ထိုအချိန်တွင် ကရင်ပြည်နယ် မာနယ်ပလောလွတ်မြောက်ဒေသကို အခြေခံလျှက် အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (မဒတ) အမည်ဖြင့် တိုင်းရင်းသားတော်လှန်ရေးတပ်ပေါင်းစုကြီး တည်ဆောက်ကာ တော်လှန်စစ်ကို ဆင်နွှဲလျက်ရှိခဲ့သည်။ မြို့ပြဒေသများမှ ရှောင်တိမ်းထွက်ခွာလာခဲ့သည့် ကျောင်းသား အများစုကြီးနဲ့ လူလတ်တန်း အလွှာတချို့ ပါဝင်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်)သည် မဒတနဲ့ ပေါင်းကာ တိုင်းရင်းသားနယ်မြေများကို အခြေခံလျက် လူအင်အားပေါင်း ၁ သောင်းကျော် တပ်ရင်းပေါင်း ၁၇ ရင်း ဖွဲ့စည်းကာ အင်အားကောင်းကောင်း ရပ်တည်လှုပ်ရှားနေချိန် ဖြစ်သည်။ ဒီအနေအထား အခင်းအကျင်းသည် စစ်အာဏာရှင်အစိုးရရဲ့ နိုင်ငံရေးအာဏာကို အခြိမ်းခြောက်နိုင်ခဲ့ဆုံးသောအချိန်ဟု ဆိုနိုင်သည်။ ထိုအချိန်တွင် မျှော်လင့်မထားသောသတင်းကို တော်လှန်ရေးအင်အားစုများ ကြားလိုက်ကြရသည်။ ယင်းမှာ ဖုန်ကြားရှင်ခေါင်းဆောင်သည့် ကိုးကန့်အဖွဲ့က ဗကပကို ပုန်ကန်ပြီးနောက် ၁၉၈၉ ခုနှစ် မတ် ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံလူမျိုးစု ဒီမိုကရေစီ မဟာမိတ်တပ်ပေါင်းစု(အမ်အန်ဒီအေ)ကို တည်ထောင်လိုက်ခြင်း ဖြစ်သည်။ ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့် ခေါင်းဆောင်သည့် စစ်ထောက်လှမ်းရေးကလည်း ကိုးကန်းအဖွဲ့ကို အမြန်ဆုံး ချဉ်းကပ်ကာ လိုအပ်သော ပံ့ပိုးကူညီမှုများ ပြုခဲ့သည်။ ရန်သူအား ဆန့်ကျင်သူကို မဟာမိတ်ပြုလိုက်သည့် သေနင်္ဂဗျူဟာသာ ဖြစ်သည်။ ကိုးကန့်အဖွဲ့နဲ့ အလားတူပင် ၁၉၈၉ ခုနှစ် ဧပြီ ၁၇ ရက်နေ့မှာ ၀ တပ်များက ဗကပကို ထပ်မံ ပုန်ကန်ပြီး ၀ပြည်သွေးစည်းညီညွတ်ရေးပါတီကို ထပ်မံ တည်ထောင်လိုက်သောအခါ စစ်အစိုးရသည် အပြေးအလွှား သွားရောက် အသိအမှတ်ပြု  ဆက်ဆံရေးကို တည်ထောင်လိုက်ကြသည်။ ၁၉၈၀ ပြည့်နှစ်တ၀ိုက်တွင် ဗကပဥက္ကဋ္ဌ သခင်ဗသိန်းတင် ဦးဆောင်တောင်းဆိုခဲ့စဉ်က ဗိုလ်ချုပ်ကြီးနေ၀င်း ငြင်းဆိုခဲ့သည် ပါတီ၊ တပ်နဲ့ လွတ်မြောက်ဒေသ တည်ရှိခွင့်ရရေးဟူသည့် အခွင့်အရေး ၃ ရပ်လုံးအား ၀သပ ကို ရှောရှောရှူရှူပေးအပ်ပြီး တရားဝင်ဟု နှုတ်မှာ ထုတ်မပြောရုံ တမယ် အသိအမှတ်ပြုလိုက်သည်။ တိုင်းရင်းသားများ လိုလားသည့် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ယနေ့ မြန်မာတနိုင်ငံလုံးတွင် တကယ်တန်း ရနေသည်မှာ ၀သပ သာ ရှိသည်။ ၁၉၈၉ ခုနှစ် ဧပြီ ၁၇ ရက်နေ့မှ နောက်ပိုင်း စစ်အစိုးရအဆက်ဆက်နဲ့ ၀သပ ဆက်ဆံရေးသည် အများဆုံးအားဖြင့် ကောင်းမွန်ခဲ့သည်ဟု ဆိုနိုင်သည်။ အကြောင်း ၂ ချက်ကြောင့် ဖြစ်သည်။ 640x481xkokang-Reuters.jpg.pagespeed.ic_.qXb3onE2eV၀သပ တည်ရှိနေခြင်းကြောင့် ဗကပအနေဖြင့် လက်နက်ကိုင်တော်လှန်စစ်ဆင်နွှဲစရာ အခြေခံ နယ်မြေ မရှိတော့။ ဗကပသည် စစ်အစိုးရရဲ့ နိုင်ငံရေးအာဏာကို ခြိမ်းခြောက်နိုင်သည်။ ၀သပသည် သူ့နယ်မြေမှာ သူ အုပ်ချုပ်ခွင့်ရနေလျှင် ကျေနပ်နေမည် ဖြစ်သည်။ သို့ဖြစ်၍ ၀သပကို ဆက်လက်မွေးမြူထားခြင်းအားဖြင့် စစ်အစိုးရအတွက် ပြဿ  နာမရှိ။ ဤသည်မှာ ပထမ အချက်ဖြစ်သည်။ ဗကပ အောက်တွင် တကယ်တန်း တိုက်ခဲ့ပြီး တိုက်ရည်ခိုက်ရည် ရှိသည့် ၀သပတပ်များအား သေနတ်သံ တိတ်အောင် လုပ်ထားနိုင်သည့်အချိန်တွင် စစ်အစိုးရရဲ့ နိုင်ငံရေးအာဏာကို ဒုတိယ ခြိမ်းခြောက်လျှက်ရှိသော တိုင်းရင်းသားတပ်ပေါင်းစုနဲ့ ကျောင်းသားတပ်ဖွဲ့များအား ချေမှုန်းနိုင်သည်။ ဤသည်မှာ ဒုတိယ အချက်ဖြစ်သည်။ လက်တွေ့တွင်လည်း စစ်အစိုးရသည် ၀သပနဲ့ အပစ်ရပ်ပြီးနောက်ပိုင်း ၀သပ အခြေခံဒေသကို ရံပြီး ချထားသော တပ်များအနက် အတော်များများကို ထုတ်ကာ ၁၉၉၂ ခုနှစ်အထိ အတွင်း မာနယ် ပလော လွတ်မြောက်ဒေသအား အကြီးအကျယ် ထိုးစစ်ဆင်ခဲ့သည်။ ခြုံပြီး သုံးသပ်ရလျှင် ၀သပကို လက်သပ်မွေး ချော့ထားပြီး ကျန်သည့် တော်လှန်ရေး အဖွဲ့အစည်းများအား တခုပြီးတခု ချေမှုန်းရေးမှာ စစ်အစိုးရအဆက်ဆက်က ကျင့်သုံးခဲ့သည့် သေနင်္ဂဗျူဟာ ဖြစ်သည်။ တချို့ ကာလများ၌ တင်မားမှုများ ဖြစ်ပွားခဲ့သော်လည်း လွန်ခဲ့သည့် ၂၅ နှစ်ကျော်ကာလအတွင်း စစ်အစိုးရနဲ့ ၀သပ စစ်တပွဲမျှ ဖြစ်ပွားခဲ့ခြင်းမရှိ။ ၀သပကလည်း ဤအခြေအနေအခွင့်အလမ်းကို သုံးကာ သူအင်အားကို သူ တည်ဆောက်ခဲ့သည်။ ယခုအချိန် ပြန်ချုပ်ကြည့်လျှင် ၀သပသည် အမြဲတန်းတပ်ကြီး အင်အား ၃ သောင်းကျော် အထက်ရှိရုံသာမက လက်နက်ကြီးငယ်အမြောက်အမြား၊ တင့်ကားနဲ့ စစ်ရဟတ်ယာဉ်များပါ ရှိနေပြီ ဖြစ်သည်။ ဤသည်မှာ စစ်အစိုးရအဆက်ဆက်၏ ကွန်မြူနစ်ကြောက်ရောဂါနှင့် နိုင်ငံရေးအရ ရိုးသားစွာ တောင်းဆိုနေကြသည့် အခြားတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအား တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် မပေးလိုသည့်လုပ်ရပ်၊ စစ်အာဏာရှင်စနစ်ကိုသာ အသက်သွင်းပြီး မြန်မာ့တပ်မတော်ကသာ ပြည်ထောင်စုတခုလုံးရဲ့ နိုင်ငံရေးအာဏာကို တင်းကျပ်စွာ ယူထားလိုသော ၀ိသမလောဘကြောင့် ဖြစ်သည်။ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများက ၄င်းတို့ရဲ့ တပ်များပါ တရားဝင် ပါဝင် ဖွဲ့စည်းစေပြီး ပြည်ထောင်စုတပ်မတော်တရပ်အဖြစ် စုပေါင်း တည်ထောင်ကြရန် တောင်းဆို လာသောအခါ လက်ရှိ စစ်အစိုးရက ခါးခါးသီးသီး ငြင်းဆန်သည်။ ကမ္ဘာမှာ ဘယ်နိုင်ငံမှာ ရှိသလဲဟု ပြန်လှန် မေးခွန်းထုတ်ကြသည်။ ၀သပလောက်ကြီးမားသည့် အမြဲတန်းတပ်ကြီးအား တရားဝင်အနေအထားမျိုးဖြင့် ရပ်တည်ခွင့် ပေးထားသည့်နိုင်ငံ ကမ္ဘာမှာ ဘယ်မှာ ရှိသလဲဟု တန်ပြန် မေးခွန်းထုတ်သောအခါ စစ်ခေါင်းဆောင် ဟောင်းသစ်များတွင် အဖြေမရှိတော့။ ၂၀၀၈ ဖွဲ့စည်းပုံကို မွေးထုတ်ပြီး အတည်ပြုနိုင်သောအခါ စစ်အစိုးရသည် မာန်တက် လာခဲ့သည်။ ငါတို့ နိုင်ငံရေးအာဏာ ခိုင်ပြီဟု ယူဆလာကြပုံရသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ချဉ်းကပ်ပြီး နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် ချော့ချည်တမျိုး ခြောက်ချည်တဖုံ ဖိအားပေးခဲ့သည်။ ၀သပ၊ ကေအိုင်အိုနဲ့ မွန်ပြည်သစ်ပါတီအစရှိသည့် အဖွဲ့အစည်းကြီးများက လက်မခံကြ။ အလားတူ လက်မခံကြသော အဖွဲ့ငယ်များအနက် အင်အားအနည်းဆုံးဟု တွက်ဆထားသည့် ဖုန်ကြားရှင်ခေါင်းဆောင်သော ကိုးကန့်အဖွဲ့အား မူးယစ်ဆေးဝါးကို လက်ညှိုးထိုး ပြသနာရှာကာ စစ်အစိုးရက ၂၀၀၉ ခုနှစ် သြဂုတ် ၂၇ ရက်နေ့တွင် ၃ ရက်စစ်ပွဲ ဆင်နွှဲပြီး တိုက်ထုတ်လိုက်သည်။ “ကိုးကန့်ကို ၃ ရက်အတွင်းမှာ အမြစ်ပြတ် တိုက်ထုတ်နိုင်တာ တွေ့တယ် မဟုတ်လား။ ဒါ မြန်မာ့တပ်မတော်ကွ။” ဟူ၍ လက်ပန်းပေါက်ခတ် ကြုံးဝါးခဲ့သည်။ ၆ နှစ်ကြာပြီးနောက် ယခုအချိန်တွင် ကိုးကန့်အဖွဲ့သည် အမြစ်မပြတ်ရုံမျှမက စစ်အစိုးရတပ်ရဲ့ တပ်ရင်းတရင်းစာမျှ ပြုတ်ထွက်သွားအောင် တိုက်ပြလိုက်သောအခါ သမ္မတဦးသိန်းစိန်၊ ကာချုပ်မင်းအောင်လှိုင်၊ စစ်ခေါင်းဆောင်ဟောင်းနဲ့ အသစ်များသည်ပင် မဟာ အရှက်တော်ရသွားကြသည်။ ဖုန်ကြားရှင်ကို တိုက်ထုတ်ပြီးနောက်  စစ်အစိုးရ အလိုကျ ဖွဲ့စည်းထားခဲ့သော တပ်ရင်းမှူး ရန်ရှောင်ကျင့် ဦးဆောင်သည့် ကိုးကန့် နယ်ခြားစောင့်တပ် အမှတ် ၁၀၀၆ က ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့က တပ်ရင်းတခုလုံး ဖုန်ကြားရှင်နောက်သို့ ပြန်လိုက်သွားသောအခါ မြန်မာ့ တပ်မတော် ခေါင်းဆောင်များ မျက်နှာ ဘယ်မှာ သွားထားကြရမည် မသိတော့။ ကာချုပ်မင်းအောင်လှိုင်က “ကိုးကန့် ပြသနာ လုံးဝ အလျော့မပေးဘူး။” ဟူ၍ ရှက်ရှက်နဲ့ ဓားကြိမ်းကြိမ်းပါတော့သည်။ ဘာကို အလျော့မပေးမှန်း၊ ဘယ်သူ့ကို အလျော့မပေးမှန်း မည်သူမျှ မသိကြပါ။ ကိုးကန့်အဖွဲ့သည် လက်နက်အကူအညီကို ၀သပထံက ရသည်မှာ သေချာသည်ဟု ဘာတေးလ်လစ်တနာက အတိအကျ ပြောလာသည်။ ၀သပသည် မညံ့လှ။ ၄င်းတို့အနေဖြင့် သေနင်္ဂဗျူဟာ တွက်ချက်မှုများ ရှိနိုင်သည်။ ရခိုင်ပြည်နယ်မှ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို လည်းကောင်း၊ မြန်မာနိုင်ငံကို ဖြတ်ပြီး ဘင်္ဂလားပင်လယ်အော်သို့ ပင်လယ်ထွက် ပေါက်ရနိုင်ရေးနဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ အခြားစီမံကိန်းများမှ အကျိုးအမြတ် ရနိုင်ရေးစသည်တို့ကို ရည်စူး၍လည်းကောင်း တရုတ်နိုင်ငံအနေဖြင့်မူ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရေး အပျက်ခံမည်မဟုတ်၊ ကျန်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးနဲ့ တနိုင်ငံလုံး အပစ်ရပ် စာချုပ် လက်မှတ်ထိုးပြီးရင် အဆိုပါ တပ်များအားလုံးကို စစ်ရေးအရ ချုပ်ငင်ထားနိုင်ပြီး ဖြစ်နေမည်။ ထိုအချိန်တွင် စစ်အစိုးရသည် အမေရိကန်ထံမှ မျက်နှာရစေရန် မူးယစ်ဆေးဝါးကို အကြောင်းပြပြီး မိမိတို့ကို တိုက်ကောင်း တိုက်လာနိုင်သည်ဟု ၀သပအနေဖြင့် တွက်နိုင်ချေ ရှိပါသည်။ ကိုးကန်နဲ့ ၀သပတို့သည် ထီးလိုမင်းလို ဆက်ဆံရေးရှိနေသလား သုံးသပ်ဖွယ် ဖြစ်သည်။ ဒါကို မသင်္ကာလျှင် စစ်အစိုးရသည် ၀သပနယ်မြေအတွင်း ၀င်ရောက်ပြီး စုံစမ်းစစ်ဆေးခွင့် ရှိရပါမည်။ အရေးယူခွင့် ရှိရပါမည်။ လက်တွေ့အရ ယင်းသို့ ရှိမနေပါ။ စုံစမ်းရှာဖွေ စစ်ဆေးခွင့် ရရန်ဝေးပြီး ၀သပ က ခွင့်ပြုမှသာ ၄င်းတို့ နယ်မြေအတွင်းသို့ ၀င်ရောက်ခွင့်ရမည့် အနေအထား ဖြစ်နေသည်။ ကိုယ့်အတတ်နဲ့ ကိုယ်စူးကာ ဖွတ်မြီးနဲ့ ဖွတ်ချီခံရသည့်ဘ၀ကို ရာက်နေသည်။ စစ်အစိုးရသည် ယခုအချိန်အထိ ၀သပ ကို စစ်ရေးနဲ့ ယှဉ်တိုက်ရဲမည့်ပုံ မရှိ။ ၀သပရဲ့  တပ်ကြီး တည်ရှိနေပုံမှာ မြန်မာနိုင်ငံအတွင်းမှာ မည်သည့် တည်ဆဲဥပဒေနဲ့ မျှမညီ၊ ဥပဒေနဲ့ ညီ အောင်လည်း လုပ်မပေးနိုင်ပါ။ သူရဦးရွှေမန်း ဦးဆောင်ပြီး ဒေါ်ဆောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီက အမတ်များပါ တက်နေကြသော လွှတ်တော်ဟူသည့် အဆောက်အဦကြီးအတွင်းတွင် ၀သပကိစ္စကို စိုးစဉ်းမျှ မဟရဲကြ။ အတိုင်အဖောက်ညီညီနဲ့ မသိခြင်ယောင်ဆောင်ပြီး ၀ိုင်းဝန်းဖုံးကွယ်ထားကြသည်။ ဥပဒေစိုးမိုးရေး မည်သို့လျှင် တည်ဆောက်နိုင်အံ့နည်း။ ၀သပကို မထိတို့ရဲသောအခါ စစ်အစိုးရနဲ့ ကာချုပ်မင်းအောင်လှိုင်သည် မည်သူ့ကို တရားခံအဖြစ် ပြဿ      နာရှာမည်နည်း။ အဖြစ်နိုင်ဆုံးမှာ ကေအိုင်အို ဖြစ်နေသည်။ စစ်အစိုးရသည် ၀သပရဲ့ စစ်အင်အားကို စိုးရွံ့သော်လည်း နိုင်ငံရေးအရ အမှုမထား။ ကေအိုင်အိုကိုမူ စစ်ရေးအရသာမက နိုင်ငံရေးအရပါ ကြောက်လာသည့်သဘော ရှိသည်။ ကေအိုင်အိုတွင် သမိုင်းကြောင်း ရှိသည်။ စိတ်ဓာတ်ရှိသည်။ လူထု ထောက်ခံမှု ရှိသည်။ မှန်ကန်သည့် ဖက်ဒရယ်ပြည်ထောင်စုမူကို ကိုင်စွဲထားသည်။ ယူအန်အက်ဖ်စီ တပ်ပေါင်းစုကို ဦးဆောင်ခွင့်ရနေသည်။ ကေအန်ယူနဲ့ ကေအိုင်အို နိုင်ငံရေးအရ ကွဲအောင်နောက်ကွယ်မှ ပံ့ပိုးနေကြောင်း သိသာလွန်းလှသည်။ ကေအန်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုး နေပြည်တော်ကို လာရောက်သည့်အခါတိုင်း ကာချုပ်မင်းအောင်လှိုင်က အသက်ထွက်မတတ် အတင်းဖက်ပြီး ချစ်ကျွမ်းဝင်ကြောင်း ပြနေပုံမှာ လူမြင်၍ပင် မတော်။ ကေအင်ယူကို ဆွဲကပ်ထား၊ ၀သပ ကို ကြားထားပြီး ကိုးကန့်ကိစ္စ လက်ညှိုး ထိုးကာ ကေအိုင်အိုကို စစ်ရေးအရ အပြတ်ရှင်းရေး ဆေးမြီးတိုဟောင်းကြီးကို မိုက်မိုက်ကန်းကန်း ပြန်သုံးဦးမလား စောင့်ကြည့်ရပါမည်။ စစ်အစိုးရသည် အမြင်မှန်ရသင့်ပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား အပြတ် တိုက်လို့လည်း မရ၊ နယ်ခြားစောင့်တပ် ဖွဲ့စည်းခိုင်းခြင်းမှာလည်း မအောင်မြင်ကြောင်း ကိုးကန့် သာဓကက သက်သေပြလိုက်ပြီ ဖြစ်သည်။ ဤသည်ကို မိမိတို့ရဲ့ စစ်မာနဖြင့် မကြည့်ဘဲ ပြည်ထောင်စုကြီးတခုလုံးအကျိုး အခြေခံမှ ကြည့်ကာ စစ်မှန်သည့် ငြိမ်းချမ်းရေးအတွက် ဥပဒေစိုးမိုးရေးအခြေခံမှ ပြန်လည်ချဉ်းကပ်သင့်သည်။ တိုင်းရင်းသားတော်လှန်ရေးတပ်များ တရားဝင်ရပ်တည်ခွင့်ရရေးကို ဖော်ဆောင်ပေးသင့်ပြီ။ လူထုအကျိုးစီးပွားနဲ့ ဥပဒေစိုးမိုးရေး အခြေခံမှနေပြီး ကိုးကန့် ပြသနာကို မည်သို့ နိဂုံးချုပ်သင့်သနည်း။ စစ်အာဏာရှင်ကြီးက ဒေသခံ စစ်ဘုရင်ကလေးကို မွေးသလို မွေးကာ အဆင်ပြေသည့်အခါ တည့်အောင်နေကြ၊ အဆင်မပြေသည့်အခါ တိုက်လိုက်ကြ၊ လူထုတွေ ထိခိုက်သေဆုံးပြီး ဘ၀တွေ ပျက်စီးသည်များကို ထိရောက်စွာ ပြန်လည်ကုစားမပေးဘဲ ငြိမ်းချမ်းရေးကို လက်ညှိုးထိုးကာ မိမိတို့ အချင်းချင်း ပြန်လည်ညှိနှိုင်းပြီး သင့်မြတ်လိုက်ကြ၊ သည်လိုမျိုး ဆိုးသွမ်းသံသရာ လည်နေမည့် အဖြစ်မျိုးနဲ့ နိဂုံးမချုပ်သင့်ပါ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၅ တွင် နအဖနဲ့ န၀တစစ်အစိုးရလက်ထက်က ဆောင်ရွက်ချက်များ၊ တာဝန်များနဲ့ ရပိုင်ခွင့်များအား နိုင်ငံအနေနနဲ့ ဆက်ခံကြောင်း ပြဋ္ဌာန်းထားသည်။ နိုင်ငံဟု ဆိုရာတွင် ကာချုပ်မင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်သစ်၊ ဟောင်းများနဲ့ ဖွဲ့စည်းထားသည့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီသည် အဓိကဖြစ်သည်။ အရင်းစစ်အမြစ်မြေက ဆိုသလို ကိုးကန့် ပြသနာကို န၀တစစ်အစိုးရက တိုင်းရင်းသား ကိုယ်ပိုင် ပြဌာန်းခွင့်အခြေခံမှ မှန်ကန်စွာ မချဉ်းကပ်ခဲ့ဘဲ တိုက်ရိုက်လွှမ်းမိုးချုပ်ကိုင်ခွင့်ရအောင် စစ်အင်အားသုံး ဆောင်ရွက်ခဲ့သဖြင့် ယခုအချိန်တွင် မြွေခြောက်က ပြန်ကိုက်လိုက်ခြင်းဖြစ်သည်။ အဓိက စစ်အစိုးရမှာ တာဝန်ရှိသည်။ မုံးကိုးလူသတ်ပွဲကြီးတွင် လီနင်မင်နဲ့ အဖွဲ့မှ လူ ၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့သည့် မြန်မာ့တပ်မတော်မှ ကိုယ်တိုင် ပြစ်မှုကျူးလွန်ခဲ့သူများ၊ အဆင့်ဆင့် အမိန့်ပေးသူများအား ဖော်ထုတ် အရေးယူရပါမည်။ ဖုန်ကြားးရှင်အဖွဲ့ ဖြစ်စေ၊ မြန်မာ့တပ်မတော် ဖြစ်စေ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုများတွင် ပါဝင် ပတ်သက်မှုများ ရှိခဲ့ပါက မည်သည့်ဘက်မျှ မလိုက်ဘဲ ဖော်ထုတ် ဖြေရှင်း၊ အရေးယူရပါမည်။ ကာချုပ် မင်းအောင်လှိုင် စွပ်စွဲသလို ဖုန်ကြားရှင်ကိုယ်တိုင် ရာဇ၀တ်မှု ကျူးလွန်ခဲ့သည်များ ရှိလျှင်လည်း နှစ်ဘက်လက်ခံသည့် တရားရုံးတွင် တင်ရပါမည်။ မြန်မာနိုင်ငံကို နယ်ချဲ့ခဲ့သော ဗြိတိသျှတို့အမြင်တွင် ဆရာစံသည် သူပုန် ဖြစ်သည်။ နယ်ချဲ့ခံရသည့် မြန်မာလူမျိုးများအမြင်တွင် ဆရာစံသည် သူရဲကောင်း ဖြစ်သည်။ မြန်မာ့တပ်မတော်စစ်ခေါင်းဆောင်များရဲ့အမြင်တွင် ဖုန်ကြားရှင်သည် လူဆိုးကြီး ဖြစ်နေသည်။ ကိုးကန့်လူထုရဲ့ အမြင်တွင် ဖုန်ကြားရှင်သည် ၄င်းတို့ရဲ့ သူရဲကောင်း ဖြစ်ခြင် ဖြစ်နေမည်။ အမှန်တရားကို စစ်အင်အားတခုတည်း သက်သက်ဖြင့် အဆုံးအဖြတ်မပြုသင့်ပါ။ ကိုးကန့်ဒေသခံ တိုင်းရင်းသားလူထုရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ ပြဋ္ဌာန်းခွင့်ကို အဓိက မူတည်သင့်သည်။ ဖုန်ကြားရှင်နဲ့ အဖွဲ့အနေဖြင့်လည်း ၄င်းတို့ ကြေညာသည့်အတိုင်း အခြားတိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနဲ့ လက်တွဲပြီး တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရသည်အထိ တကယ်တန်း တိုက်ပွဲဝင်သွားမည်လား၊ သို့မဟုတ် မြန်မာစစ်ခေါင်းဆောင်များရဲ့ အသိအမှတ်ပြုခံရရုံ၊ ၄င်းတို့ရဲ့ အဖွဲ့အစည်း ရပ်တည်ခွင့်ရရုံ၊ ပြန်လည်နေထိုင်ခွင့်နဲ့ စီးပွားရေးလုပ်ခွင့်ရရုံနဲ့ စစ်ဘုရင်ကလေးအဖြစ် အမွေးခံရသည့်ဘ၀ကို ရယူရုံကလေးမျှဖြင့် အဖျားရှူးသွားမည်လား ဟူသည်ကိုမူ စောင့်ကြည့် ရပါမည်။ လတ်တလော အရေးအကြီးဆုံးမှာ ကာချုပ်မင်းအောင်လှိုင်၏ လက်ထဲတွင် စစ်အုပ်ချုပ်ရေးအခွင့်အာဏာ ရရှိထားပြီးနောက် မုံးကိုးစစ်ရာဇ၀တ်မှုကြီးကဲ့သို့ နောက်ထပ်ပြစ်မှုများ မကျူးလွန်စေရေးဖြစ်သည်။ မြန်မာနိုင်ငံသည် နိုင်ငံတကာ စစ်ဥပဒေဖြစ်သော ဂျီနီဗာ ကွန်ဗင်းရှင်းကို လက်မှတ်ထိုး အတည်ပြုထားပြီး ဖြစ်သဖြင့် လေးစားလိုက်နာရန် တာဝန်ရှိသည်။ စစ်ပွဲဖြစ်ပွားနေစဉ်အတွင်း ဒေသခံ အရပ်သားလူထုများအား လက်လွတ်စပယ် ပစ်ခတ်ခြင်း၊ သတ်ဖြတ်ခြင်းမျိုးများမှာ စစ်ဥပဒေနဲ့ ဆန့်ကျင်သည်။ ရပ်တန်းက ရပ်ရန် လိုပါမည်။ အကာအကွယ်မဲ့ အရပ်သား လူထုများရဲ့ လူ့အခွင့်အရေးကို နှစ်ဘက်လုံးက လေးစားရန်၊ လိုက်နာရန်နဲ့ ကာကွယ်စောင့်ရှောက်ရန်၊ စစ်ပွဲကြီး ပြီးသွားရင် စစ်အစိုးရအနေဖြင့် လူထု အသက်ဆုံးရှုံးမှုများနဲ့ ဘ၀နစ်နာမှုများကို ပြန်လည်ကုစားပေးရန် လိုပါမည်။ (“ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း” စာအုပ်မှ သတင်း အချက်အလက်များအား အသုံးပြုခွင့်ပေးသည့် စာရေးဆရာ ၀င်းတင့်ထွန်း အား ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ပါသည်။) ဦးအောင်ထူး (လူ့အခွင့်အရေးရှေ့နေ) ဥပဒေအထောက်အကူပြု တည်ထောင်သူ         

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up