တူရကီ စစ်လေယာဉ် ပျက်ကျ၊ လေယာဉ်မှူး ၂ ဦး သေဆုံး

တူရကီစစ်လေယာဉ်တစီး ကိုညာမြို့လယ်နားမှာ မတ် ၅ ရက်နေ့က ပျက်ကျလို့ လေယာဉ်ပေါ် ပါတဲ့ လေယာဉ်မှူး ၂ ဦး သေဆုံးတယ်လို့ စစ်တပ်က ပြောပါတယ်။ အက်ဖ် - ၄ အီး(F-4E)အမျိုးအစား လေယာဉ်ဟာ အစ်ကတ်စေးဟီးယား(Eskisehir) လေတပ်အခြေစိုက်စခန်းက ပျံသန်းမှုသင်တန်းအတွင်း ဒေသစံတော်ချိန် မနက် ၉ နာရီလောက်မှာ ပျံတက်ပြီး ၁ နာရီအကြာ ပြန်ဆင်းစဉ်မှာ ပျက်ကျခဲ့တာလို့ စစ်ဦးစီးအရာရှိချုပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။ လေယာဉ်မှူးတဦးရဲ့ အလောင်းကို ရှာတွေ့ပြီး နောက်တဦးကို ရှာနေဆဲလို့ မြို့အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒါဟာ သီတင်းပတ်၂ ပတ်အတွင်း တူရကီစစ်တပ်အတွက် ဒုတိယမြောက် လေယာဉ်ပျက်ကျမှုလည်း ဖြစ်ပါတယ်။ သင်တန်းလေယာဉ် ၂ စီး ဘာကြောင့်ပျက်ကျရတာလဲဆိုတာကို စုံစမ်းစစ်ဆေးနေဆဲပါ။ ပျက်ကျမှုကို မြင်တဲ့ မျက်မြင်သက်သေ မာမက်ကန်က သူအပြင်ထွက်တုန်း  ဒုံးကျည်လို မီးလုံးကြီး ၂ လုံး လေယာဉ်ထဲကနေ ထွက်လာတာ မြင်ပြီးနောက် ပျက်ကျတာပဲလို့ ပြောပါတယ်။ တူရကီဟာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေအတွင်း ဒုတိယအကြီးဆုံး စစ်တပ်ရှိတဲ့နိုင်ငံပါ။ ဆီးရီးယားနဲ့ အီရတ်နယ်စပ်တွေကို ကင်းလှည့်ရာမှာ လေတပ်ကို အဓိကအသုံးပြုပါတယ်။ တူရကီအစိုးရဟာ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ (အိုင်အက်စ်) စစ်သွေးကြွတွေအပေါ် အမေရိကန် ဦးဆောင်တဲ့ ဗုံးကြဲမှုတွေမှာ တိုက်ရိုက် ပါဝင်မှု မလုပ်ခဲ့ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up