တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး တိုက်ခိုက်ခံရ

တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မာ့ခ် လစ်ပ်ပါ့တ်ဟာ မတ် ၄ ရက် မနက်အစောပိုင်းက ဖိုရမ်တခုမှာ ကိုရီးယားလူမျိုးတဦးရဲ့ ကိုယ်ထိလက်ရောက် မျက်နှာကို တိုက်ခိုက်တာ ခံလိုက်ရတယ်လို့ ရဲနဲ့ မျက်မြင် သက်သေတဦးက ပြောပါတယ် ။ ဒါပေမယ့် အပြင်းအထန် ဒဏ်ရာရတာတော့ မရှိပါဘူး။ အသက် ၄၂ နှစ်အရွယ် သံအမတ်ကြီးဟာ တိုက်ခိုက်ခံရအပြီး မျက်နှာဒဏ်ရာက သွေးထွက်ခဲ့တဲ့အတွက် ဆေးရုံကို ခေါ်သွားခံရပေမယ့် အခြေအနေ တည်ငြိမ်တယ်လို့ အစီရင်ခံထားပါတယ်။ သူဒဏ်ရာက အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ အိမ်ဖြူတော် အရာရှိတဦးက ပြောပါတယ်။ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက သူဆီ ဖုန်းဆက်ခဲ့ပြီး အမြန်ပြန် နေကောင်းစေဖို့ ဆုတောင်းပေးခဲ့တယ်လို့ အိမ်ဖြူတော် အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရ ဘာနာဒေ့ထ် မီးဟန်က ပြောပါတယ်။ ရဲတွေရဲ့ ဖော်ထုတ်ချက်အရ တိုက်ခိုက်သူဟာ အသက် ၅၅ နှစ်အရွယ် ကင်မ်ကီဂျွန် ဖြစ်ပြီး အခင်းဖြစ်ရာမှာတင် ဖမ်းဆီးခဲ့ပါတယ်။ သူဟာ ကိုရီးယားရိုးရာဝတ်စုံကို ဝတ်ထားပြီး တောင်နဲ့ မြောက်ကိုရီးယားဟာ ပြန်လည် ပေါင်းစည်းသင့်တယ်လို့လည်း အော်ခဲ့ပါတယ်။ ဒီသီတင်းပတ်မှာ စတင်တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုကို ရည်ညွှန်းပုံရပြီး စစ်ရေးလေ့ကျင့်မှုတွေကို ဆန့်ကျင်တယ်လို့လည်း သူက အော်ခဲ့ပါသေးတယ်။ အမေရိကန်အစိုးရ ပြောခွင့်ရ မာရီဟာ့ဖ်ကတော့ သံအမတ်ကြီးဟာ လူလေးစားခံရတဲ့ အာရှရေးရာ ကျွမ်းကျင်သူတဦး ဖြစ်တယ်လို့ စီအန်အန် သတင်းဌာနကို ပြောပါတယ်။ သံအမတ်ကြီး တက်ရောက်တဲ့ ဖိုရမ်ကို ပြန်လည်ပေါင်းစည်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိုရီးယားကောင်စီက စီစဉ် ကျင်းပခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up