Home
မြန်မာသတင်း
ပန်းရောင်အလုပ်သမားကတ် ၁ နှစ်သက်တမ်းတိုးရန် ထိုင်းအစိုးရဆုံးဖြတ်
ရွှေအောင်
·
March 4, 2015
ထိုင်းအာဏာသိမ်း စစ်အစိုးရလက်ထက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထုတ်ပေးခဲ့တဲ့ ပန်းရောင်အလုပ်သမားကတ်သက်တမ်း ၁ နှစ်တိုးပေးဖို့ မတ် ၃ ရက်နေ့က ကျင်းပခဲ့တဲ့ ထိုင်းအစိုးရအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။ ထိုင်းစစ်အာဏာသိမ်းကောင်စီ အစိုးရ တက်လာခဲ့ပြီးတဲ့နောက် နိုင်ငံတ၀န်း အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်လုပ်ခွင့်လက်မှတ် ပန်းရောင်းကတ်တွေ လုပ်ပေးခဲ့ပြီး အဲ့ဒီကတ်တွေဟာ ဒီလကုန် သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ အရင် နှစ်နိုင်ငံသဘောတူညီထားချက်အရ ပန်းရောင်ကတ်သက်တမ်းမကုန်ခင် မြန်မာအစိုးရက ယာယီနိုင်ငံကူးလက်မှတ် လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလို ယာယီနိုင်ငံ ကူးလက်မှတ်လုပ်ပေးဖို့ လိုအပ်တဲ့မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းဟာ မြန်မာရွှေ့ပြောင်း အလုပ်သမားအများစုမှာ မရှိကြပါဘူး။ ဒီလိုအခြေအနေတွေကြောင့် မြန်မာအစိုးရဘက်က ယာယီနိုင်ငံကူးလက်မှတ်အစား သက်သေခံလက်မှတ် အစိမ်းရောင်စာအုပ် ထုတ်ပေးဖို့ ပြင်ဆင်နေချိန်မှာ အခု ထိုင်းအစိုးရက ပန်းရောင်ကတ် သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်တာပါ။ ထိုင်းအာဏာသိမ်းစစ်ကောင်စီလက်ထက် လုပ်ပေးခဲ့တဲ့ ပန်းရောင်ကတ် ကိုင်ထားသူ မြန်မာအလုပ်သမား ၆ သိန်း ၅ သောင်းလောက်ရှိပြီး အခုထိုင်းအစိုးရအဖွဲ့ ဆုံးဖြတ်ချက်အရ သူတို့အားလုံး ကိုင်ထားတဲ့ကတ်တွေ သက်တမ်းတိုးဖို့ လုပ်ဆောင်ကြရတော့မယ်လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် ဥက္ကဋ္ဌ  ဦးအောင်ကျော်က ပြောပါတယ်။ “အသေးစိတ်အချက်အလက်ကိုတော့ ဖော်ပြထားခြင်း မရှိသေးဘူး။ ၊လောလောဆယ်ကြေညာလိုက်တာက မတ် ၃၁ ရက်ကုန်ဆုံးတော့မယ့် ပန်းရောင်ကတ်ကို ဧပြီ ၁ ရက်ကစပြီး သက်တမ်းပြန်လည်တိုးရမယ်၊ သက်တမ်းခွင့်ပြုကာလဟာ ၁ နှစ်ဖြစ်တယ်၊ အသက် ၁၅နှစ်အောက် ကလေးများပါ မိဘနဲ့အတူတွဲပြီး သက်တမ်းတိုးရမှာ ဖြစ်တယ်၊ တကယ်လို့ သက်တမ်းမတိုးရင် သတ်မှတ်ကာလကျော်လွန်တဲ့အခါ လိုက်လံစစ်ဆေးပြီး နေရပ်ရင်းပြန်ပို့မယ်၊ အဲ့လောက်ပဲ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။” ပန်းရောင်ကတ် ၁ နှစ်သက်တမ်းတိုးဖို့ ဘတ်ငွေ ၃၀၀၀ ကျော်ကုန်ကျဖို့ရှိပြီး ထိုင်းအစိုးရက တရားဝင်ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ သက်တမ်းတိုးဖို့ နေ့ချင်းပြီး လုပ်ပေးမယ့် စင်တာတွေကို တော့ ထပ်မံကြေညာဖို့ ရှိပါတယ်။ ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ်ဇွန်လကုန်ကနေ အောက်တိုဘာလကုန်အထိ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမား ၁ သန်းကျော်ကို အလုပ်လုပ်ခွင့်လက်မှတ် ပန်းရောင်ကတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ [gallery ids="84124,84125,84126,84127,84128,84129"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024