အိုင်အက်စ်ကို စစ်ဆင်ရေးအတွက် အီရတ်စစ်တပ်ကို သြစတြေးလျ စစ်သင်တန်းပေးမည်

အီရတ်တပ်ဖွဲ့ဝင်တွေကို စစ်သင်တန်းပေးရေး သြစတြေးလျတပ်ဖွဲ့ဝင် နောက်ထပ် ၃၀၀ စေလွှတ်မယ်လို့ သြစတြေးလျဝန်ကြီးချုပ်က မတ် ၃ ရက် ဒီနေ့မှာ ပြောဆိုပါတယ်။ အီရတ်စစ်တပ် စစ်သင်တန်းပေးရေး နိုင်ငံတကာ ညွန့်ပေါင်းတပ်ဖွဲ့မှာ ပိုမို ပါဝင်ဖို့ အမေရိကန်နိုင်ငံရဲ့ တောင်းဆိုမှုနဲ့ စေလွှတ်တာ ဖြစ်ပါတယ်။ ဒီတပ်ဖွဲ့ဝင် စေလွှတ်မှုဟာ အရှေ့အလယ်ပိုင်းမှာ အိုင်အက်စ်အဖွဲ့ အကြမ်းဖက်စစ်ဆင်ရေး၊ သြစတြေးလျနိုင်ငံက နောက်တဆင့် တက်လှမ်းတာဖြစ်တယ်လို့ တိုနီအဘတ်က ပြောဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက သြစတြေးလျ လေတပ်တပ်ဖွဲ့ဝင် ၄၀၀နဲ့ အထူးတပ်ဖွဲ့ဝင် ၂၀၀ စုစုပေါင်း ၆၀၀ စေလွှတ်ထားပြီး ဖြစ်ပါတယ်။ အခု ထပ်မံစေလွှတ်မယ့် အင်အား ၃၀၀ နဲ့ဆိုရင် အီရတ်မှာ သြစတြေးလျတပ်ဖွဲ့ဝင် အားလုံးပေါင်း ၉၀၀ ရှိလာမှာဖြစ်ပြီး အီရတ်နိုင်ငံအနောက်မြောက်ပိုင်းက မြို့တမြို့မှာ အခြေစိုက် ပါတယ်။ အခု ထပ်စေလွှတ်မယ့် တပ်ဖွဲ့ဝင် ၃၀၀ ထဲမှာ နယူးဇီလန်တပ်ဖွဲ့ဝင် ၁၄၃ ယောက် ပါဝင်မှာလည်း ဖြစ်ပါတယ်။ အခြေခံတော့ သြစတြေးလျနိုင်ငံသားတွေဟာ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးတဲ့သူတွေ ဖြစ်ပေမယ့် အကြမ်းဖက်မှုတွေဟာ သြစတြေးလျနိုင်ငံအထိ ရောက်ရှိလာပြီ ဖြစ်တယ်။ အိုင်အက်စ် စစ်ဆင်ရေးမှာ တကယ်တမ်း ရှေ့တန်းက တိုက်ခိုက်ရမှာကတော့ အီရတ်နိုင်ငံပဲ ဖြစ်ပြီး သြစတြေးလျနိုင်ငံက ကူညီထောက်ပံ့ပေးတဲ့အဆင့်ပဲ ပါဝင်တာ ဖြစ်တယ်လို့ တိုနီအဘော့ကို ပြောဆိုခဲ့တာပါ။ သြစတြေးလျ ကာကွယ်ရေးဦးစီးချုပ် ဘရိုင်ယန် ဘန်စကင်း(Brian Binskin)ကလည်း တပ်ဖွဲ့ဝင် တဦးချင်းစွမ်းရည်ကနေ တပ်ဖွဲ့နဲ့ တပ်ရင်းအဆင့်အထိ စစ်စွမ်းရည်မြှင့်တင်သွားမယ်လို့ ပြောဆိုပါတယ်။ ဒီအစီအစဉ်ဟာ ၂ နှစ် အစီအစဉ် ဖြစ်ပြီး ၁ နှစ် ၁ ကြိမ် တိုးတက်မှု စစ်ဆေးသုံးသပ်မှာပါ။ ဆီးရီးယားနဲ့ အီရတ်မှာ သြစတြေးလျနိုင်ငံသား ၁၀၀ လောက် ပါဝင်တိုက်ပွဲဝင်နေပြီး ၁၅၀ လောက်က သြစတြေးလျနိုင်ငံကနေ ထောက်ပံ့ကူညီနေတယ်လို့ ယုံကြည်ရတယ်လို့လည်း အဘတ်က ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up