တွစ်တာလူမှုကွန်ရက်မီဒီယာကို အိုင်အက်စ်အဖွဲ့ ခြိမ်းခြောက်

အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(အိုင်အက်စ်)စစ်သွေးကြွတွေက တွစ်တာ လူမှုကွန်ယက်မီဒီယာကို ပူးတွဲ တည်ထောင်သူနဲ့ တခြား ဝန်ထမ်းတွေအပေါ် ခြိမ်းခြောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် တွစ်တာ နိုင်ငံတကာကော်ပိုရေးရှင်းနဲ့ ဥပဒေအာဏာတည်ရေး အာဏာပိုင်တွေ စုံစမ်း စစ်ဆေးနေတယ်လို့ ကုမ္ပဏီက မီဒီယာတွေကို တုံ့ပြန် ပြောဆိုပါတယ်။ အိုင်အက်စ်အဖွဲ့ကို ထောက်ခံသူတွေက တွစ်တာနဲ့ သူ့အကျိုးစီးပွားတွေကို သတ်ဖို့ ခြိမ်းခြောက်မှုတွေ အပါအဝင် တိုက်ခိုက်ကြဖို့ ဆော်သြတဲ့ စာတွေကို  မတ် ၁ ရက်နေ့က အွန်လိုင်းပေါ် တင်ခဲ့တယ်လို့ အွန်လိုင်းသတင်းမီဒီယာ ကုမ္ပဏီ ဘက်ဇ်ဖီဒ်(Buzzfeed)နဲ့ အန်ဘီစီ(NBC) သတင်းကွန်ရက်တို့က ဆိုပါတယ်။ ခြိမ်းခြောက်မှု စစ်မှန်သလားဆိုတာ ကျနော်တို့ရဲ့ လုံခြုံရေးအဖွဲ့က သက်ဆိုင်ရာ ဥပဒေအရာရှိ တွေနဲ့ အတူ  စုံစမ်း စစ်ဆေးနေတယ်လို့ တွစ်တာကိုယ်စားလှယ်က မတ် ၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ တွစ်တာကို ပူးတွဲတည်ထောင်သူ ဂျက်ခ်ဒေါ်ဆေးကို တိုက်ရိုက်ခြိမ်းခြောက်တဲ့စာကို Pastebin လို့ ခေါ်တဲ့ anonymous file-sharing website မှာ တင်ခဲ့တယ်လို့ အန်ဘီစီ သတင်းဌာနက အစီရင်ခံပါတယ်။ ကျနော်တို့အပေါ် ခင်ဗျားတို့ရဲ့ အွန်လိုင်းကနေ စစ်ဆင်နွှဲမှုဟာ ခင်ဗျားတို့အပေါ် တကယ့်စစ်ပွဲ ဖြစ်လာစေမယ်လို့ အိုင်အက်စ်ကို ထောက်ခံသူတွေက အင်တာနက်ပေါ် ရေးတင်ခဲ့ကြောင်း ဘက်ဇ်ဖီဒ် သတင်းဌာန က ဆိုပါတယ်။ အိုင်အက်စ်တွေဟာ သူရန်သူတွေကို အကြမ်းဖက် လုပ်ဆောင်ဖို့နဲ့ ခေါင်းဖြတ်ရုပ်သံတွေ ဖြန့်ချီဖို့ အပါအဝင် ညှိနှိုင်းဆက်သွယ်ရေးအတွက် တွစ်တာနဲ့ တခြားလူမှုကွန်ယက် မီဒီယာတွေကို အကြီးအကျယ် မှီခိုခဲ့ရပြီးပါပြီ။ ဒါပေမယ့် တွစ်တာအပါအဝင် လူမှုကွန်ယက် မီဒီယာကုမ္ပဏီတွေက သတ်ဖြတ်မှုလို ရုန့်ရင်းကြမ်းတမ်းတဲ့ စာသားတွေ တင်တဲ့သူတွေရဲ့ စာမျက်နှာတွေကို သုံးစွဲခွင့် ဆိုင်းငံ့ထားခဲ့ပြီး စာသားတွေကိုတော့ ဖယ်ရှားပစ်ခဲ့ပါတယ်။ တွစ်တာသုံးစွဲသူတွေအပေါ် ထားရှိတဲ့ မူဝါဒအရ အကြမ်းဖက် ခြိမ်းခြောက်မှုတွေအတွက် ဝန်ဆောင်မှု သုံးစွဲခွင့်ကို တားမြစ်ထားပါတယ်။ တွစ်တာဟာ စာလုံးရေ ၁၄၀ ပါတဲ့ သတင်းအချက်အလက်တွေနဲ့ ဓာတ်ပုံတွေ ရုပ်သံအတိုတွေကို သုံးစွဲသူတွေအတွက် ခွင့်ပြုထားပါတယ်။ ကမ္ဘာတလွှား သုံးစွဲသူ ၂၈၈ သန်းကျော်ရှိတယ်လို့ တွစ်တာ ကုမ္ပဏီက ပြောပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up