ချင်းမိုင်တွင် မီးခိုးမြူ ပိတ်ဆို့မှု အခြေအနေ ဆိုးရွားနေ

ချင်းမိုင်အပါအ၀င် ထိုင်းနိုင်ငံမြောက်ပိုင်း ခရိုင် ၃ ခုမှာ ခုရက်ပိုင်းအတွင်း မီးခိုးမြူမှုန် ပိတ်ဆို့မှု အခြေအနေဟာ  ကျန်းမာရေး အန္တရာယ်ရှိနိုင်တဲ့ စံသတ်မှတ်ချက်အဆင့် ကျော်လွန်သွားပြီလို့ သက်ဆိုင်ရာက ထုတ်ပြန်ပါတယ်။ စံချိန်စံညွှန်းအရ တစ်ကုဗမီတာပတ်လည်ကို မီးခိုးမြူ ထုထည် ၁၂၀ မိုင်ခရိုဂရမ်ထက်ပိုရင် ဆိုးရွားတဲ့အခြေအနေလို့ စံသတ်မှတ်ထားရာမှာ ဒီကနေ့ မတ်လ ၂ ရက် တိုင်းတာချက်အရ ချင်းမိုင်ခရိုင်မှာ ၁၆၄ မိုက်ခရိုဂရမ်၊ လမ်းပန်းခရိုင်မှာ ၂၅၃ မိုက်ခရိုဂရမ် နဲ့ လမ်းပွန်းခရိုင်မှာ ၂၁၂ မိုက်ခရိုဂရမ်ထိရှိတာမို့ ဆိုးတဲ့အခြေအနေထက် ကျော်လွန်သွားပြီလို့ ချင်းမိုင်ခရိုင် သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတဦးစီးဌာန ဒုညွှန်မှူး နိုင်းကျူးခလိုက် ဝေါ်ရဖုန်းထောင်းန်က ပြောပါတယ်။ အခုလိုဖြစ်ရတာဟာ ခုတပတ်တွင်း ဒေသထဲမှာ တောင်ယာမီးရှို့တာနဲ့ တောမီးရှို့ပြီး အမဲ လိုက်ကြလို့ ဖြစ်ကြောင်း၊ စစ်ဆေးချက်တွေအရ  တောင်ယာ နဲ့ တောမီးရှို့မှုဟာ ချင်းမိုင်ခရိုင် မယ့်ကျဲမ်ဒေသမှာ ၄၇ နေရာ၊ ချင်းဒေါင်းဘက်မှာ ၃၆ နေရာ ရှိတဲ့အတွက် တားမြစ်ချက် မလိုက်နာသူတွေ အရေးယူခံရမယ်လို့ ဆက်ပြောပါတယ်။ ချင်းမိုင်မြို့အနောက်ဘက် ဆုထိပ်၊ လွယ်ပွီ စတဲ့တောင်ပေါ်ကနေ ချင်းမိုင်မြို့ကို မမြင်ရလောက်အောင် ဖြစ်နေကြောင်း၊  တောင်အောက်မှာဆိုရင်လည်း ၃ ကီလိုမီတာ ထက်ဝေးရင် သဲသဲကွဲကွဲ မမြင်ရတော့ကြောင်း၊ ဒါကြောင့် လေယာဉ်ပျံသန်းမှု ခရီးစဉ် ရွှေ့ဆိုင်းနှောင့်နှေး သွားတာတွေရှိတယ်လို့ သဘာဝပတ်ဝန်းကျင် ဒုညွှန်မှူးက  ဆိုပါတယ်။ ခုလို တမြို့လုံး မီးခိုးမြူတွေ ပိတ်နေတာကြောင့် မျက်စိကို ကျိန်းစပ်ခြင်း၊ မျက်စိယားယံခြင်းတွေ ဖြစ်ပေါ်စေပြီး ပြည်သူတွေအနေနဲ့  မလိုအပ်ဘဲ လေဟာပြင်ပေါ် ထွက်မလာဖို့ အထူးသဖြင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူတွေ၊ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ တတ်နိုင်ရင်အပြင်မထွက်ဖို့၊ မဖြစ်မနေ ထွက်ရမယ်ဆိုရင်လည်း မျက်နှာဖုံးတွေ စွပ်ကြဖို့ ချင်းမိုင်ခရိုင် ပြည်သူ့ကျမ်းမာရေးဌာနက ဒေါက်တာ ဆူရစင် ၀ိစနုရတ်က သတိပေးထားပါတယ်။ နေရှင်းသတင်းမှာတော့ မြူမှုန်ပိတ်ဆို့မှုအခြေအနေတွေဟာ ဒီတစ်ရက် နှစ်ရက်တွင်း  လျော့သွားအုံးမှာ မဟုတ်ဘဲ ပိုဆိုးနိုင်တယ်လို့  ကျန်းမာရေးဆိုင်ရာ ညွှန်မှူးကပြောကြောင်း ဖော်ပြပါတယ်။ ဓာတ်ပုံ  - thairath [gallery ids="83977,83978,83979"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up