မုဒိမ်းကျင့်သတ်ဖြတ်ခံရသည့် အမျိုးသမီးအရေး တူရကီတွင် ဆန္ဒပြ

တူရကီနိုင်ငံမှာ အရင်လက အသက် ၂၀ အရွယ်  အိုဇ်ကန် အက်စလန်(Ozgecan Aslan) မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရတဲ့ ကိစ္စကို အရေးယူပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲဟာ အကြမ်းဖက်မှုတွေဘက်ကို ဦးတည်သွားခဲ့ပါတယ်။ တူရကီမှာ မနှစ်က အမျိုးသမီးတွေအပေါ် ကြမ်းဖက်မှုတွေ တော်တော်များများ ဖြစ်ခဲ့ပြီး အခုနောက်ဆုံး  အက်စလန်ရဲ့ အဖြစ်အပျက်ဟာ ပြည်သူတွေ အာရုံစိုက်စရာ၊ နိုင်ငံရေးသမားတွေ ဝေဖန်စရာ ဖြစ်လာပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အဆိုအရ  အက်စလန်ဟာ ဖေဖော်ဝါရီ ၁၁ ရက်နေ့က နိုင်ငံအရှေ့တောင်ပိုင်း ပင်လယ်ကမ်းခြေဒေသ ဖြစ်တဲ့ မာဆင်ပြည်နယ်မှာ ရှိတဲ့ သူ့အိမ်ကို လိုင်းကားနဲ့ အပြန်မှာ အမျိုးသားတယောက်က အဓမ္မပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။ အက်စလန်က ငရုပ်ကောင်းရည်နဲ့ ပြန်ပက်ပြီး လက်တုံ့ပြန်တဲ့အချိန်မှာ မုဒိမ်းကျင့်တဲ့ အမျိုးသားက ဓားနဲ့ ထိုးပြီး သံချောင်းနဲ့ သေတဲ့အထိ ရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ အဲဒီအမျိုးသားရဲ့ ဖခင်နဲ့ သူငယ်ချင်းတယောက်က အလောင်းကို မီးရှို့ ဖျောက်ဖျက်ပြီး အကြွင်းအကျန်တွေကိုလည်း မြစ်ထဲ မျှောခဲ့တယ်လို့ ဆိုပါတယ်။ အခုတော့ တရားခံ အသက် ၂၆ နှစ်အရွယ် လူရွယ်ကို ဖမ်းဆီးခဲ့တယ်လို့ တူရကီ သတင်းစာတစောင်က ဖော်ပြပါတယ်။ မတ် ၁ ရက်နေ့ ဆန္ဒပြပွဲမှာ ဆန္ဒပြသမားတယောက်က တခြား အမျိုးသမီးတွေ အက်စလန်လို အဖြစ်ဆိုးမျိုး မကြုံရဖို့ အခုလို စုဝေးရတာလို့ ပြောပါတယ်။ နောက်ဆန္ဒပြသမားတယောက်ကလည်း ဒီလို အကြမ်းဖက်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်။ တူရကီမှာ ရှိတဲ့ အမျိုးသမီးတွေ အားလုံးကို အကာအကွယ်ပေးဖို့ တောင်းဆိုပါတယ်လို့  ပြောပါတယ်။ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ အဆိုအရ မနှစ်က တူရကီမှာ အမျိုးသမီး ၂၈၁ ယောက် အသတ်ခံရတယ်လို့ ဆိုပါတယ်။ ဒါဟာ အရင် ၁ နှစ်ကထက် ၃၁ ရာခိုင်နှုန်း ပိုတိုးလာပါတယ်။ အစိုးရဟာ အမျိုးသမီးတွေကို လုံခြုံမှုပေးတဲ့ အပိုင်းမှာ အားနည်းနေတယ်လို့လည်း ဝေဖန်ကြပါတယ်။ သမ္မတ အာဒိုဂန် ကိုယ်တိုင်က ကျားမ တန်းတူရေးကို မယုံကြည်သူ ဖြစ်နေလို့ အမျိုးသမီးတွေ အကြမ်းဖက်ခံရတဲ့ကိစ္စကို ထုတ်ဖော်ပြောဆိုဖို့ ပျက်ကွက်ခဲ့တယ်လို့ အမျိုးသမီးအဖွဲ့တွေက အရင်က စွပ်စွဲဝေဖန်ကြပါတယ်။ သမ္မတကတော့ အမျိုးသမီးတွေကို အကြမ်းဖက်မှုဟာ တိုင်းပြည်အတွက် သွေးမတိတ်တဲ့ အနာ ဖြစ်တယ်လို့ ပြောပါတယ်။ အက်စလန်ရဲ့ ကိစ္စမှာတော့ သမ္မတနဲ့ ဇနီးတို့က ဈာပနနေ့မှာ အက်စလန်မိသားစုကို တယ်လီဖုန်း ခေါ်ခဲ့သလို သမ္မတရဲ့ သမီး ၂ ယောက်လည်း  အက်စလန် မိသားစုအိမ်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် အားပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up