ဟောင်ကောင်ဆန္ဒပြသူများနှင့် ရဲများ ပဋိပက္ခဖြစ်၊ ဆန္ဒပြသူ ၃၀ ကျော် ထိန်းသိမ်းခံရ

တရုတ်ပြည်မရဲ့ လွှမ်းမိုးမှုကို မကျေနပ်တဲ့ ဟောင်ကောင်ဆန္ဒပြသူတွေနဲ့ ရဲတွေ ပြီးခဲ့တဲ့ မတ် ၁ ရက်နေ့က ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူ အယောက် ၃၀ ကျော် ထိန်းသိမ်းခံရပါတယ်။ တရုတ်ပြည်မနယ်စပ်အနီး ယွမ်လောင်(Yuen Long) မြို့နယ်မှာ ဖြစ်ပွားခဲ့ပြီး ဒါဟာ တရုတ်ပြည်မနဲ့ ဟောင်ကောင်ပြည်သူတွေရဲ့ နောက်ဆုံး ထိပ်တိုက်တွေ့မှု ဖြစ်ပါတယ်။ တရုတ်ပြည်မကုန်သည်တွေ ဟောင်ကောင်က အရည်အသွေးမြှင့်ကုန်ပစ္စည်းတွေကို အများအပြား ၀ယ်ယူပြီး တဖက်ကမ်းမှာ အမြတ်တင်ရောင်းချတဲ့ တဖက်သွားစီးပွားရေးကို ဆန္ဒပြသူတွေက မကျေနပ်ကြတာလို့ ဆိုပါတယ်။ ဒါကြောင့် တရုတ်ပြည်မသားတွေကို အကြိမ်ကြိမ်ဝင်ထွက်ခွင့် ဗီဇာပိတ်ပင်ရေးနဲ့ တရုတ်ကွန်မြူနစ်ပါတီ ဖြုတ်ချရေးတို့ကို ဆန္ဒပြသူတွေက ကြွေးကြော်ခဲ့ကြပါတယ်။ အသက် ၂၃ နှစ်အရွယ် ဆန္ဒပြသူတဦးက တရုတ်ပြည်မကုန်သည်တွေက ၀ယ်ယူတဲ့ ကုန်ပစ္စည်းတွေဟာ လမ်းပိတ်ဆို့ပြီး လမ်းလျှောက်စရာမရှိတော့လို့ ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး လို့ ပြောဆိုခဲ့ပါတယ်။ အသက် ၅၀ အရွယ်ရှိ ယွမ်လောင်မြို့ခံတဦးကတော့ “ဟောင်ကောင်ပစ္စည်းတွေ အရည်အသွေး မြင့်လို့ ၀ယ်ယူတာ၊ ဒါကို အားပေးတယ်။ ဗြိတိသျှကိုလိုနီအလံတွေနဲ့ ဆန္ဒပြတာတွေလည်း တွေ့တယ်။ ကျနော်တို့က တရုတ်လူမျိုးတွေ ဖြစ်တယ်။”လို့ ပြောဆိုခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်က ဟောင်ကောင်ဒီမိုကရေစီဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း တရုတ်ပြည်မကြီးရဲ့ လွှမ်းမိုးမှုကို လက်မခံမှုတွေနဲ့ မကျေနပ်မှုတွေ ဟောင်ကောင်ပြည်သူတွေ ကြားမှာ ဆက်လက်မြင့်တက်နေတာကို ဒီနောက်ဆက်တွဲဆန္ဒပြပွဲတွေက ထင်ဟပ်နေတာလည်း ဖြစ်ပါတယ်။ [gallery ids="83911,83912,83913,83914"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up