တပ်ဖွဲ့ဝင်အားလုံး လက်နက်ချရန် တူရကီသူပုန်ခေါင်းဆောင် တိုက်တွန်း

ထောင်ဒဏ်တသက်တကျွန်းချခံနေရတဲ့ တူရကီကာဒ့်သူပုန်အဖွဲ့ခေါင်းဆောင်က တပ်ဖွဲ့ဝင်တွေအားလုံး လက်နက်ချပြီး အနှစ် ၃၀ တော်လှန်ရေးကို အဆုံးသတ်ဖို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က တိုက်တွန်းခဲ့ပါတယ်။ သူပုန် ခေါင်းဆောင် အော့ကလန် (Ocalan) ရဲ့တိုက်တွန်းစာကို တူရကီကာဒ့်အမတ်တဦးက ရုပ်မြင်သံကြားကနေ ဖတ်ပြခဲ့ပြီး တူရကီဒုဝန်ကြီးချုပ်လည်း တက်ရောက်ခဲ့ပါတယ်။ လာမယ့်နွေဦးရာသီမှာ ငြိမ်းချမ်းရေးညီလာခံကျင်းပပြီး ကာဒ့်တော်လှန်ရေးကို ဒီမိုကရေစီနည်းလမ်းတကျ တရားဝင်အဆုံးသတ်ဖို့ ရည်ရွယ်တယ်လို့ ပါရှိပါတယ်။ တူရကီအရှေ့တောင်ပိုင်းမှာ ကာဒ့်နိုင်ငံထူထောင်ရေး အနှစ် ၃၀ တော်လှန်ရေးအတွင်း လူ ၄ သောင်းကျော် သေဆုံးခဲ့ပြီး အများစုဟာ ကာဒ့်လူမျိုးတွေဖြစ်ခဲ့တာပါ။ အော့ကလန်ဟာ ကာဒ့်အလုပ်သမားပါတီ PKK သူပုန်တပ်ဖွဲ့ကို ဦးဆောင်ခဲ့ပြီး ၁၉၉၉ ခုနှစ်က ထောင်ဒဏ်တသက်ချခံခဲ့ရတာလည်းဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အစိုးရက ကာဒ့်ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားခဲ့တာမှာ ဒါဟာ အရေးအကြီးဆုံးအဆင့်တခုလို့ ဆိုပါတယ်။ ၂၀၁၃ အပစ်အခတ်ရပ်စဲတုန်းကလည်း ခဏပဲဖြစ်လိမ့်မယ်လို့ အများကယူဆခဲ့ပေမယ့် နှစ်ဖက်အများစု လိုက်နာမှုရှိခဲ့ပါတယ်။ အော့ကလန်ဟာ တပ်မှူးကြီးတွေနဲ့ အောက်ခြေတပ်ထုအပေါ်မှာ သြဇာကြီးတာကြောင့် သူ့ရဲ့တိုက်တွန်းမှုကို အလေးထားနိုင်တယ်လို့ နိုင်ငံရေးသုံးသပ်သူတွေက ဆိုပါတယ်။ အခုနှစ်အတွင်း ပါလီမန်ရွေးကောက်ပွဲကျင်းပဖို့ရှိပြီး အလွန်ပြင်းထန်တယ်လို့ ဝေဖန်ခံနေရတဲ့ တူရကီလုံခြုံရေးဥပဒေပြဋ္ဌာန်းဖို့ ပြင်ဆင်နေချိန်မှာ အော့ကလန်ရဲ့ တိုက်တွန်းမှု ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ မကြာခင်ကျင်းပမယ့် ကာဒ့်ငြိမ်းချမ်းရေးညီလာခံကို ဘယ်သူတွေတက်ရောက်မယ်ဆိုတာကို အသေအချာမသိရသေးသလို တူရကီပြင်ပက ကာဒ့်သူပုန်တွေလည်း လက်နက်ချမချဆိုတာလည်း မရှင်းလင်းသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up