ကင်မရွန်းနိုင်ငံတွင် ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့ကို ဆန့်ကျင်ဆန္ဒပြ

ကင်မရွန်းနိုင်ငံ၊ ယုံတည် (Yaounde) မြို့တော်မှာ နိုင်ဂျီးရီးယားနိုင်ငံအခြေစိုက် ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ ဘိုကိုဟာရမ်အကြမ်းဖက်သမားတွေကို အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းတိုက်ခိုက်နေတဲ့ အလယ်အာဖရိကနိုင်ငံတပ်ဖွဲ့ကို ဆန္ဒပြသူတွေက ထောက်ခံကြိုဆိုခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို စီစဉ်ခဲ့သူတဦးက နိုင်ဂျီးရီးယာနိုင်ငံကိုသာမက အိမ်နီးချင်းကင်မရွန်းနိုင်ငံကိုပါ ခြိမ်းခြောက်လာတဲ့ ဘိုကိုဟာရမ် အကြမ်းဖက်အန္တရာယ်ကို ကင်မရွန်းပြည်သူတွေ၊ အထူးသဖြင့် နိုင်ငံတောင်ပိုင်းက ပြည်သူတွေကို သတိပေးဖို့ ရည်ရွယ်လို့ ပြောဆိုပါတယ်။ ဘိုကိုဟာရမ်တွေဟာ နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းမှာ အခြေစိုက်ပြီး အိမ်နီးချင်းနိုင်ငံတွေမှာပါ အစ္စလာမ္မစ်နိုင်ငံတော်ထူထောင်ဖို့ ကြေညာထားတာပါ။ ဒီအန္တရာယ်ကို ကြိုတင်မပြင်ဆင်ထားရင် ကင်မရွန်းနိုင်ငံကို နေ့ချင်းညချင်း ကူးစက်လာမယ်လို့လည်း ဆန္ဒပြခဲ့တဲ့ သတင်းစာအယ်ဒီတာတဦးက ပြောဆိုပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်ချီတက်သူ ၅ ထောင်လောက်ရှိခဲ့ပြီး ကင်မရွန်းကာကွယ်ရေးဝန်ကြီးနဲ့ တခြားအစိုးရ၀န်ကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့ကို ကင်မရွန်းတပ်မတော်က စစ်ဆင်ရေး စတင်လိုက်ပြီဖြစ်ပြီး တနိုင်ငံလုံးက အားပေးထောက်ခံမယ်လို့ ယုံကြည်ကြောင်း ကင်မရွန်းကာကွယ်ရေးဝန်ကြီးက ပြောဆိုပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ကင်မရွန်း၊ နိုင်ဂျာ၊ ချပ်နိုင်ငံတို့ရဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့ သိမ်းပိုက်ခဲ့တဲ့ဒေသတွေကို ပြန်လည်သိမ်းယူဖို့ ပူးတွဲစစ်ဆင်ရေးဆင်နွှဲနေကြပါတယ်။ ဘိုကိုဟာရမ်အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်က ၁ နှစ်တည်းမှာ လူ ၁ သောင်းလောက်ကို သတ်ဖြတ်ခဲ့လို့ ကမ္ဘာမှာ အဆိုးဆုံး အကြမ်းဖက်အဖွဲ့ဖြစ်လာပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up