ပိုးကောင်များကို အဆင့်မြင့်ထုပ်ပိုးရောင်းတော့မည့် ထိုင်းစီးပွားရေးသမား
DVB
·
February 28, 2015
ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ လမ်းဘေးဈေးသည်တွေက အင်းဆက်ပိုးကောင်တွေကို သရေစာအဖြစ် ရောင်းနေတာဟာ ရင်းနှီးနေတဲ့ မြင်ကွင်းပါ။
ဒါပေမယ့် ထိုင်းစွန့်ဦးတီထွင်သူ တယောက်ကတော့ စားလို့ရတဲ့ ပိုးကောင်တွေကို ဝင်ငွေမြင့်လူတန်းစားအတွက် အဆင့်မြင့်ထုပ်ပိုးပြီး ဈေးကွက်တင်ရောင်းဖို့ ကြိုးစားနေပါတယ်။
ပါနိတန် တွန်စီရီဟာ အဆင့်မြင့်လူ့အဖွဲ့အစည်းရဲ့ အတိုကောက်စာလုံး ဟိုင်စို ကုန်အမှတ်တံဆိပ်နဲ့ ပိုးကောင် သရေစာတွေကို လာမယ့် မတ်လမှာ စတင်မိတ်ဆက်ပြီး ထိုင်းမြို့တော်တလွှားက အစားအသောက်ကောင်း ကြိုက်သူတွေရဲ့ အစားအသောက်ဈေးတန်းတွေမှာ စင်တင်ရောင်းချဖို့ စီမံထားပါတယ်။
ကြွပ်ရွနေတဲ့ အင်းဆက်နဲ့ ပိုးကောင်ကြော်တွေကို ဆားသက်သက်နဲ့ ကြော်တာ၊ ရေညှိနဲ့ကြော်တာ၊ ချိစ်နဲ့ ကြော်တာအပြင် ဘာဘီကျူး အနံ့အရသာတို့နဲ့ပါ ရနိုင်ပြီး တထုပ်ကို ၂၅ ဘတ်နဲ့ ရောင်းမယ်လို့ အသက် ၂၉ နှစ်အရွယ် စီးပွားရေးသမားက ပြောပါတယ်။
သူ့စက်ရုံဟာ ပိုးကောင်တွေကို အော်ဂင်းနစ် မွေးမြူရေးခြံတွေကနေယူမယ်၊ အရသာနဲ့ စားနပ်ရိက္ခာလုံခြုံရေး ၂ ဖက်လုံး အားသာလို့ ဟိုက်စိုရဲ့ ဈေးကွက်အလားအလာက ကြီးတယ်လို့လည်း ပြောပါတယ်။
အနောက်နိုင်ငံက လူအများအပြားက ပိုးကောင်ကြော်တွေကို စားဖို့တွန့်ဆုတ်ကြပေမယ့် ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) ကတော့ အင်းဆက်ပိုးမွှားတွေက ကျန်းမာရေးအတွက် ကောင်းတယ် တိုးပွားလာတဲ့ ကမ္ဘာ့လူဦရေအတွက် အစားအစာအရင်းမြစ် ဖြစ်နိုင်တယ်လို့ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
ဘန်ကောက်မြို့ လမ်းတွေပေါ်က အမြည်းကျွေးတဲ့အစီအစဉ်မှာ စမ်းသပ် မြည်းစမ်းကြည့်သူ တယောက်ကတော့ တချို့လူတွေမှာ အင်းဆက်စားရင် ဓာတ်မတည့်တာမျိုး ရှိလို့ စားတော့ မယ်ဆိုရင် ဒါကို အရင်တွေးဖြစ်တယ်လို့ ပြောပါတယ်။
တခြားတယောက်ကတော့ လမ်းဘေးဈေးသည်တွေ ရောင်းတာက သန့်မသန့် မသေချာဘူး၊ ခုတော့ ဒီအထုပ်တွေက သန့်ရှင်းတယ်လို့ ပြောပါတယ်။
ထိုင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေက အရက်နဲ့ ဘီယာဆိုင်တွေအပြင်မှာ ပိုးကောင်ကြော်တွေကို အမြည်းအဖြစ် ရောင်းလေ့ရှိပါတယ်။
ဓာတ်ပုံ - ရိုက်တာ
[gallery ids="83611,83612,83613,83614,83615,83616,83617,83618,83619,83620"]