အာဖဂန် ဆီးနှင်းတောင်ပြိုကျမှု သေဆုံးသူ ၁၈၆ ဦးရှိပြီ

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်းမြို့တော်မြောက်ဘက်က ပန်ဂ်ျရှား(Panjshir) ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်တွေ အတွင်း ဆီးနှင်းတောင် ပြိုကျမှုတွေ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ သေဆုံးသူ ၁၈၆ ယောက် ရှိတယ်လို့ အာဖဂန်အာဏာပိုင်တွေက ဖေဖော်ဝါရီ ၂၆ ရက်နေ့က ပြောဆိုပါတယ်။ လက်ရှိလည်း ကယ်ဆယ်ရေးတွေကို ရသလောက် လုပ်ဆောင်နေကြပြီး ဆီးနှင်းတွေအောက် ပိတ်မိနေသူတွေကို ရှာဖွေနေကြပါတယ်။ ဗလီတွေ၊ ကျောင်းတွေနဲ့ လူနေအိမ်ခြေ အနည်းဆုံး ၁၀၀ လောက် ပျက်စီးခဲ့တယ်လို့လည်း ပြောဆိုပါတယ်။ နိုင်ငံမြောက်ပိုင်းမှာ အခုကာလဟာ ဆီးနှင်းတောင်ပြိုကျမှုတွေဟာ ပုံမှန်ဖြစ်ပွားပေမယ့် အခုနှစ် ပြိုကျမှုကတော့ နှစ်ပေါင်း ၃၀ အတွင်း အဆိုးဆုံးလို့ ဆိုပါတယ်။ ဒီဒေသတွေဟာ သွားလာရခက်ခဲတဲ့အပြင် ဆင်းရဲကြပြီး အခုရက်ပိုင်းတွေမှာ ရာသီဥတု ဆိုးရွားနေလို့ အရေးပေါ်ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးတွေ အခက်အခဲဖြစ်နေရပါတယ်။ ကယ်ဆယ်ရေးတွေ လာရောက်နိုင်ဖို့ ၂၅ မိုင် အကွာအဝေးလမ်းခရီးကို ဆီးနှင်း ရှင်းပေးရတယ်လို့ ဆိုပါတယ်။ နောက်ထပ် ၂ ရက်လောက် ဆီးနှင်းတွေ ထူထူထပ်ထပ် ကျရောက်ဦးမယ်လို့လည်း မိုးလေ၀သဌာနက ခန့်မှန်းထားပါတယ်။ ဒီဒေသတွေက လူနေအိမ်တွေဟာ ရွှံ့တွေနဲ့ ဆောက်လုပ်ကြတာဖြစ်လို့ အခုလို သဘာဝဘေးအန္တရာယ် မရင်ဆိုင်နိုင်တာလည်း ဖြစ်ပါတယ်။ အခုနှစ် ကမ္ဘာ့ဖလားခရစ်ကတ်စ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ဖလားဆွတ်ခူးခဲ့တဲ့ အာဖဂန်နစ္စတန်လက်ရွေးစင်အသင်းကလည်း ဆီးနှင်းတောင်ပြိုကျမှုမှာ သေဆုံးခဲ့သူတွေအတွက် ရည်စူး ဂုဏ်ပြုခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်ကလည်း ပန်ဂ်ျရှားပြည်နယ် တောင်ဘက် ဆလန်း(Salang) ဒေသမှာ အခုလို ဆီးနှင်းတောင်ပြိုကျမှုတွေ ဖြစ်ပွားခဲ့ပြီး ဒေသခံ ၁၆၅ ယောက် သေဆုံးခဲ့ပါတယ်။ ဓာတ်ပုံ - ရိုက်တာ [gallery ids="83416,83417,83418,83419,83420,83421,83422"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up