အီရန်တော်လှန်ရေး ကင်းစောင့်တပ် ဟော်မုဇ်ရေလက်ကြားတွင် စစ်ရေးလေ့ကျင့်

အီရန်တော်လှန်ရေး ကင်းစောင့်တပ်က အမေရိကန် စစ်သင်္ဘောပုံစံတူ တခုကို တိုက်ခိုက်ရေး လှေနဲ့ တိုက်ခိုက်မှုအပါအဝင် စစ်ရေးလေ့ကျင့်မှုတရပ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဟော်မုဇ်ရေလက်ကြားမှာ လေ့ကျင့်ခဲ့တယ်လို့ အီရန်ရုပ်သံက အစီရင်ခံပါတယ်။ ကမ္ဘာ့ရေနံတင်ပို့မှုအတွက် အသက်သွေးကြော သင်္ဘောလမ်းကြောင်း ဖြစ်တဲ့ ဟော်မုဇ် ရေလက်ကြားမှာ အီရန်က စစ်ရေးအင်အားပြမှုလည်း ဖြစ်ပါတယ်။ ရှီးယားမွတ်စလင် ဦးဆောင်နိုင်ငံဖြစ်တဲ့ အီရန်က သူနဲ့ ဆွန်နီမွတ်စလင်ဂိုဏ်းဝင် အာရပ်နိုင်ငံတွေကြားက ပင်လယ်ကွေ့ကို သူပိုင်နက်လို့ သဘောထားပြီး သူလွှမ်းမိုးနိုင်စွမ်းကို တိုးချဲ့ဖို့ တရားဝင် အကျိုးစီးပွားရှိတယ်လို့ ယုံကြည်ထားပါတယ်။ ဒီလေ့ကျင့်မှုကို  လွှတ်တော်ပြောခွင့်ရ အလီ လာရီဂျာနီနဲ့ အနောက်နိုင်ငံ ဆန့်ကျင်ရေး စိတ်ဓာတ်ရှိပြီး လက်နက်နဲ့ ဖြေရှင်းရေးကို လိုလားသူတွေ ဦးဆောင်တဲ့ အစောင့်တပ်ရဲ့ တပ်မှူးတွေ တက်ရောက်ပါတယ်။ အမေရိကန်လေယာဉ်တင် သင်္ဘောနဲ့ ပုံစံတူတခုကို အချိုးကျ တည်ဆောက်ခဲ့ပြီး ခရုဇ်ဒုံးကျည်တွေ၊ ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဖားစ်နယူးစ် သတင်းဌာနက အစီရင်ခံပါတယ်။ တိုက်ရေယာဉ်တွေကတော့ မိုင်းတွေ ချတဲ့ လေ့ကျင့်မှုပါ လုပ်ခဲ့တာလို့ အီရန်ကျောင်းသားတွေရဲ့ သတင်းဌာနက ဆိုပါတယ်။ ကမ္ဘာ့ပင်လယ်ရေလမ်းကြောင်းသုံး ရေနံကုန်သွယ်ရေးရဲ့ ၃၀ ရာခိုင်နှုန်းဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သွားရတာလို့ အမေရိကန် စွမ်းအင်သတင်း အချက်အလက် စီမံခန့်ခွဲရေးရုံးက ဆိုပါတယ်။ အနောက်နိုင်ငံ ရေတပ်တွေလည်း ဒီပင်လယ်ကွေ့မှာ စစ်ရေးလေ့ကျင့်ခဲ့ဖူးပြီး ရေကြောင်းသွားလာမှု လွတ်လပ်ရေးအာမခံဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။ [gallery ids="83327,83328,83329,83330"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up