လစ်သူယေးနီးယားနိုင်ငံတွင် စစ်မှုမထမ်းမနေရ ဥပဒေ ပြဌာန်းမည်

ဥရောပအရှေ့ပိုင်းနိုင်ငံတွေမှာ လတ်တလော ပထ၀ီနိုင်ငံရေးအပြောင်းအလဲတွေကြောင့် နိုင်ငံအတွင်း စစ်မှုမထမ်းမနေရ ဥပဒေကို ပြန်လည်ပြဌာန်းမယ်လို့ လစ်သူယေးနီးယားသမ္မတ က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပြောဆိုပါတယ်။ လတ်တလော ယူကရိန်းနိုင်ငံမှာ ဖြစ်ပွားနေတဲ့အခြေအနေတွေလို့ သမ္မတ ဒါလီယာ(Dalia)က တိုက်ရိုက် မပြောဆိုပေမယ့် ရုရှားနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ အရှေ့ဥရောပနိုင်ငံတွေကတော့ ယူကရိန်းနိုင်ငံအပေါ် ရုရှားရဲ့ ကျူးကျော်ရန်စမှုတွေကို စိုးရိမ်နေကြတာပါ။ စစ်မှုမထမ်းမနေရဥပဒေကို ၅ နှစ် ပြန်လည်ပြဌာန်းမှာ ဖြစ်ပြီး အသက် ၁၉ နှစ်နဲ့ ၂၆ နှစ်ကြား အမျိုးသားတွေ ဖြစ်ရပါမယ်။ ဒါပေမယ့် လွှတ်တော်မှာအတည်ပြုချက်ရယူရအုန်းမှာ ဖြစ်ပါတယ်။ ဒီဥပဒေကို ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က ပယ်ဖျက်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်က ယူကရိန်းပိုင် ကရိုင်းမီးယားကို ရုရှားနိုင်ငံက သိမ်းပိုက်ခဲ့တာနဲ့ ဘယ်နေရာမဆို ရုရှားစကားပြောဆိုသူတွေကို ကာကွယ်ခွင့်ရှိတယ်လို့ သမ္မတ ဗလာဒီမာ ပူတင်က ပြောဆိုခဲ့တာတွေ အပေါ် ဘော်လတစ်နိုင်ငံ ၃ နိုင်ငံကို စိုးရိမ်ပူပန်ခဲ့ကြတာပါ။ ဒါကြောင့် နေတိုးအဖွဲ့ကြီးက လျှပ်တပြတ်စစ်ဆင်ရေးတပ်ဖွဲ့တွေကို အရှေ့ဥရောပနိုင်ငံတွေမှာ ထားရှိမယ်လို့ ကြေညာခဲ့သလို အခုတခါ လစ်သူယေးနီးယာနိုင်ငံက စစ်မှုမထမ်းမနေရဥပဒေကို လာမယ့် စက်တင်ဘာလမှာ ပြန်လည်ပြဌာန်းမယ်လို့ ပြောဆိုလာတာပါ။ ရုရှားနိုင်ငံနဲ့ ယူကရိန်းနိုင်ငံ စစ်ရေးတင်းမာမှုတွေ ဆက်ဖြစ်နေမယ်ဆိုရင် နောက်အလှည့် ကျတဲ့နိုင်ငံက လစ်သူယေးနီးယားနိုင်ငံဖြစ်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားပါတယ်။ လစ်သူယေးနီးယားနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ လက်ဗီးယား၊ အက်စတိုးနီးယားနိုင်ငံတို့နဲ့အတူ အရင်က ဆိုဗီယက်ပြည်ထောင်စုအောက်မှာ ရှိခဲ့ပြီး ၁၉၉၁ ခုနှစ် လွတ်လပ်ရေးရရှိပြီးကတည်းက နေတိုးနဲ့ အီးယူအဖွဲ့ဝင်ဖြစ်ရေး ကြိုးစားနေကြတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up