နိုင်ဂျီးရီးယားတွင် အသေခံဗုံးခွဲမှုကြောင့် လူ ၁၂ ဦး သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း ခါနိုမြို့မှာ ဖေဖော်ဝါရီ ၂၄ ရက်နေ့က လူ ၁၂ ယောက် သေဆုံးတဲ့ ပေါက်ကွဲမှုကို ဗုံးခွဲသမား ၂ ယောက်က လုပ်ခဲ့တာလို့ မြို့ခံရဲတွေက ပြောပါတယ်။ မြို့တွင်း အဓိကဘတ်စ်ကားဂိတ်ကို အသေခံ ဗုံးခွဲသမား ၂ ယောက်က ညိနှိုင်း တိုက်ခိုက်ခဲ့တယ်လို့ ရဲပြောခွင့်ရ အီဘရာဟင် အစ်ဒရစ်စ်က ပြောပါတယ်။ ဘတ်စ်ကားတစီး၊ ရိုးရိုးကားတစီးနဲ့ ဂေါက်သီးရိုက်ရင်သုံးတဲ့ ကားတစီးတို့ကို သုံးပြီး တိုက်ခိုက်ခဲ့တာလို့ သူက သတင်းထောက်တွေကို အခင်းဖြစ်ရာနေရာမှာ ပြောပါတယ်။ စုစည်းလို့ရတဲ့ သတင်းအချက်အလက်တွေအရ အသေခံဗုံးခွဲသမား ၂ ယောက်ဟာ  မြို့ပြင်က ခရီးသည် အယောင်ဆောင်ပြီး မီနီဘတ်စ်ကားကို စီးပြီး ကားကွင်းကို အရောက်မှာ သူတို့ကိုယ်သူတို့ ဖောက်ခွဲခဲ့တာလို့ အစ်ဒရစ်စ်က ပြောပါတယ်။ ပေါက်ကွဲမှုအပြီး လူအများအပြား မီးလောင်ခံရတာ မြင်ခဲ့တယ်လို့ နာမည်မဖော်ချင်တဲ့ မျက်မြင်သက်သေ တယောက်က ပြောပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့အစောပိုင်းကလဲ နိုင်ငံအရှေ့မြောက်ဘက်က ပိုတစ်ခ်ကမ်မြို့မှာ အသေခံ ဗုံးခွဲသမားတယောက်က ဘတ်စ်ကားပေါ် ပြေးတက် ဖောက်ခွဲခဲ့လို့ လူ ၁၆ ယောက် သေဆုံးတယ်လို့ လုံခြုံရေးနဲ့ ဆေးရုံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုတွေကို ဘယ်သူလုပ်တယ်ဆိုတဲ့ တာဝန်ခံသူ မရှိသေးပါဘူး။ ဒါပေမယ့် အသေခံ ဗုံးခွဲသမား အသုံးပြုမှုဟာ ဘိုကိုဟာရမ်စစ်သွေးကြွတွေရဲ့ ရိုးနေတဲ့ ဗျူဟာဖြစ်လာနေပါတယ်။ သူတို့ဟာ နိုင်ဂျီးရီးယားနိုင်ငံကို အစ္စလာမ္မစ်နိုင်ငံဖြစ်ရေး ကြိုးစားနေပြီး အကြမ်းဖက်မှုတွေ ကြောင့် ထောင်နဲ့ချီတဲ့လူတွေ သေဆုံးခဲ့ပြီးပါပြီ။ မနှစ်ကစပြီး နယ်မြေတွေ တိုးချဲ့ရင်း ပိုအားကောင်းပြီး ပိုအန္တရာယ်ပြု လာခဲ့ကြလို့ လူ ၁ သန်းလောက်လဲ အိုးအိမ်စွန့်ခွာ ထွက်ပြေး ခဲ့ရပါတယ်။ ဒါပေမယ့် ကျန်ခဲ့တဲ့ သီတင်းပတ် ၃ ပတ်အတွင်း နိုင်ဂျီးရီးယားနဲ့ အိမ်နီးချင်း ၃ နိုင်ငံဖြစ်တဲ့ နိုက်ဂျာ၊ ကင်မရွန်းနဲ့ ချဒ်နိုင်ငံတို့က စစ်ဆင်ရေးတွေနဲ့ ဆက်တိုက် နှိမ်နင်းမှုကို ဘိုကိုဟာရမ်တွေ စတင် ခံစားနေရပါပြီ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up