ကိုကင်း ၃ တန် ကိုလံဘီယာအာဏာပိုင်များ ဖမ်းမိ

ကိုလံဘီယာအာဏာပိုင်တွေဟာ ချိုကိုပြည်နယ် အွန်ဂီယာကျေးလက်ဒေသရှိ လော့စ်အွန်ဂီယာ ရာဇဝတ်ဂိုဏ်းဆီကနေ ကိုကင်း ၃ တန်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က သိမ်းဆည်းရမိပါတယ်။ ရဲတွေက ဒေသအတွင်း ရဟတ်ယာဉ်နဲ့ စစ်ဆေးခဲ့ပြီး သိမ်းဆည်းရမိတဲ့ ကိုကင်းတွေကို နေကော့လီမြို့က ရဲအခြေစိုက်စခန်းမှာ စစ်ဆေးဖို့ ယူလာခဲ့ကြပါတယ်။ ကိုကင်းတွေ သိမ်းဆည်းရ မိတဲ့ နေရာနဲ့ ပမာဏကိုကြည့်ရင် ဒီဂိုဏ်းရဲ့ လုပ်နိုင်စွမ်းနဲ့ လက်တံရှည်မှုကို သိနိုင်တယ်လို့ ရဲအရာရှိ ဗိုလ်ချုပ်ကြီး ရိုဒိုဖို ပါလိုမီနိုက ဆိုပါတယ်။ ဗိုလ်ချုပ်ကြီး ရိုဒိုဖို ပါလိုမီနို “သိမ်းဆည်းရမိတဲ့ ကိုကင်း ကီလို ၃၃၀၀ ထဲမှာ ၃၁၆၀ ကီလိုက နိုင်ငံတကာကို တင်ပို့ဖို့ အဆင်သင့် ဖြစ်နေခဲ့တယ်။ အင်မတန် ကျယ်ပြန့်တဲ့လုပ်ငန်းကို အဖွဲ့အစည်းလိုက် ပညာရှင်ဆန်ဆန် လုပ်ကိုင်နေတာ” လို့ ပြောပါတယ်။ ဖေဖော်ဝါရီ ၁၈ ရက်က မက္ကဆီကိုနိုင်ငံမှာ မြေသြဇာအိတ်တွေထဲ ဝှက်ထားတဲ့ ကိုကင်း ၃ တန်ကို ရဲတွေက သိမ်းအပြီး ကိုလံဘီယာမှာ ဖမ်းမိတာလည်း ဖြစ်ပါတယ်။ ကိုလံဘီယာဟာ ၁ နှစ်ကို ကိုကင်းတန်ချိန် ၃၀၀ ထွက်တဲ့ အဓိက ကိုကင်းထုတ်လုပ်သူ နိုင်ငံလို့ ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှုရုံးက ဆိုပါတယ်။ ကိုလံဘီယာအာဏာပိုင်တွေဟာ ၂၀၁၄ ခုနှစ် ၁ နှစ်တည်းမှာ မူးယစ်ဆေး ၁၆၆ တန်ကို သိမ်းဆည်းရမိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up