အဖမြေ ကာကွယ်သူများနေ့ ကရိုင်းမီးယားတွင် ကျင်းပ

ရုရှားက ယူကရိန်းဆီက သိမ်းပိုက်ခဲ့တဲ့ ကရိုင်းမီးယားဒေသမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က အဖမြေ ကာကွယ်သူများနေ့ ကို ကျင်းပပါတယ်။ ရုရှားကို သစ္စာခံကြောင်း ပြတဲ့အနေနဲ့ ဆိပ်ကမ်းမြို့ ဆီဗက်စတိုပိုမှာ စစ်ရေးပြ အခမ်းအနား ကျင်းပခဲ့ပြီး ရုရှားစစ်သင်္ဘောတွေကို အများပြည်သူရှေ့မှာ ပြသခဲ့ပါတယ်။ လူအုပ်က စီဗက်စတိုပိုဆိပ်ကမ်းကို စုပြုံလာရောက်ချိန်မှာ တခြားသူတွေက ရုရှားအလံတွေ ကိုင်စွဲပြီး ရုရှားလိုလားတဲ့ လက်ပတ်တွေကို ဝတ်ဆင်ခဲ့ကြပါတယ်။ ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ရုရှားလိုလားတဲ့ သူပုန်တွေ ထိန်းချုပ်ရာ ဒန်ညက်စ်မြို့ လီနင် ရင်ပြင်မှာ ဒေသခံတွေနဲ့ ဒေသခံစစ်သည်တွေ အယောက် ၂၀၀၀ လောက်ဟာ ရုရှားရဲ့ အဖမြေ ကာကွယ်သူများနေ့ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဆင်နွှဲခဲ့ကြပါတယ်။ ဒေသခံစစ်တပ်တွေက စစ်သည်အများအပြားဟာလဲ ရှေ့တန်းကနေ ပြန်ဆုတ်ခွာပြီး ပွဲတော်ဆင်နွှဲဖို့ အခွင့်အရေး ရခဲ့ကြပါတယ်။ ဒီနေ့ဟာ ရုရှနဲ့ ယူကရိန်းအပါအဝင် အရင် ဆိုဗီယက်ပြည်ထောင်စုဟောင်းက အဖွဲ့ဝင် အတော်များများရဲ့ စစ်တပ်ကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ် အားလပ်ရက်လဲ ဖြစ်ပါတယ်။ တကိုယ်တော် ကြေညာထားပြီး နိုင်ငံတကာ အသိအမှတ်ပြုမှု မရသေးတဲ့ ဒန်ညက်စ် ပြည်သူ့သမ္မတနိုင်ငံက အဖမြေကာကွယ်သူများနေ့ကို တရားဝင်အားလပ်ရက်အဖြစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့က သတ်မှတ်ကြေညာခဲ့ပါတယ်။ ယူကရိန်းသမ္မတ ပတ်ထရို ပိုရိုရှန်ကိုကတော့ အားလပ်ရက်ကို ပယ်ဖျက်ဖို့ အမိန့်ပေးပြီး အောက်တိုဘာ ၁၄ ရက်နေ့ကို ယူကရိန်းကာကွယ်သူများနေ့အဖြစ် ကြေညာခဲ့ပါတယ်။ [gallery ids="83016,83017,83018,83019"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up