တရုတ်၏ ဒုံးခွင်းဒုံးစနစ်ကို ၀ယ်ယူရန် တူရကီနိုင်ငံ စီစဉ်

နေတိုးအဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်တဲ့ တူရကီနိုင်ငံက နေတိုးဒုံးခွင်းဒုံးစနစ်နဲ့ မကိုက်ညီတဲ့ တရုတ်ဒုံးခွင်းဒုံးစနစ်ကို ၀ယ်ယူဖို့ စီစဉ်နေပြီး အပြီးသတ်လေ့လာမှုတွေ လုပ်ပြီးပြီလို့ တူရကီ ကာကွယ်ရေးဝန်ကြီးက ပြောဆိုပါတယ်။ ပြိုင်ဖက်အမေရိကန်နဲ့ ပြင်သစ်ဒုံးခွင်းဒုံးစနစ်တွေနဲ့အပြိုင် တရုတ်ဒုံးခွင်းဒုံးစနစ်ကို တူရကီနိုင်ငံက ဦးစားပေး စဉ်းစားခဲ့တာပါ။ အသေးစိတ်လေ့လာအကဲဖြတ်မှုတွေ လုပ်ဆောင်ပြီးပြီ ဖြစ်ပေမယ့် အပြီးသတ် ဆုံးဖြတ်ချက်တော့ မချရသေးပါဘူး။ အမေရိကန်ဒေါ်လာ ၃.၄ သန်းတန် HQ-9 တရုတ်ဒုံးခွင်းဒုံးစနစ် အနည်းဆုံး ၁၂ စုံ ၀ယ်ယူမယ်လို့ သိရပြီး နေတိုးဒုံးခွင်းဒုံးစနစ်နဲ့ မကိုက်လို့ ၀ယ်ယူဖို့ စဉ်းစားတာလို့ တူရကီ ကာကွယ်ရေးဝန်ကြီးက ပြောဆိုတာပါ။ ဒီ ဒုံးခွင်းဒုံးကာကွယ်ရေးစနစ်ကို ၂၀၁၂ ခုနှစ်က တရုတ်နိုင်ငံက ပထမဆုံး ထုတ်ပြခဲ့ပြီး အမေရိကန်၊ ပြင်သစ်နဲ့ ရုရှားထုတ်ဒုံးခွင်းဒုံးစနစ်တွေထက် ဈေးသက်သာတယ်လို့ ဆိုပါတယ်။ ၂၀၁၃ ခုနှစ်ကတည်းက ၀ယ်ယူဖို့ စီစဉ်နေပေမယ့် အမေရိကန်နဲ့ နေတိုးအဖွဲ့ဝင်တွေက မ၀ယ်ယူဖို့ ဖိအားပေးနေတာကြောင့် အခုလို နှောင့်နှေးနေတာလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူကတော့ တူရကီနဲ့ တရုတ်နိုင်ငံတို့ရဲ့ စီးပွားရေးကိစ္စမှာ နိုင်ငံရေးမပါဖို့ တိုက်တွန်းထားပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up