Home
မြန်မာသတင်း
ကိုးကန့်ခြေကုပ်စခန်းတချို့ကို အစိုးရတပ် လေကြောင်းဖြင့် တိုက်ခိုက်သိမ်းယူ
DVB
·
February 23, 2015
လောက်ကိုင်-ကုန်းကြမ်း ကားလမ်းပေါ်ရှိ ကိုးကန့်တပ်ဖွဲ့ရဲ့ အရေးပါတဲ့  ယာယီခြေ ကုပ်တောင်ကုန်းတွေကို အစိုးရတပ်က လေကြောင်းပစ်ကူယူပြီး သိမ်းပိုက်လိုက်တယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်းမှာ ဖော်ပြပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းမှာ လောက်ကိုင်- ကုန်းကြမ်း ကားလမ်းပေါ်ရှိ ၁၈ မိုင်လမ်းဆုံအနီး စစ်ဗျူဟာအရ အရေးကြီးတဲ့ တောင်ကုန်းတွေကို သိမ်းယူနိုင်ခဲ့တဲ့အကြောင်းနဲ့ လောက်ကိုင်- တာရွှေထန်- ၁၈ မိုင် - ညံခွမ်း လမ်းကြောင်းကို တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး ပုံမှန်ပြန်ဖြစ်သွားပြီလို့ သတင်းမှာ ဖော်ပြပါတယ်။ အဆိုပါနေ့က တိုက်ပွဲ  ၅ ကြိမ် ဖြစ်ပွားခဲ့ပြီး အစိုးရတပ်က ၄ ဦး ကျဆုံးကာ  ၂၁ ယောက် ဒဏ်ရာရပြီး ကိုးကန့်ဖက်က ၃ ဦး ကျဆုံးတယ်လို့ စစ်တပ် မီဒီယာက ဆိုပါတယ်။ ဦးဖုန်ကြားရှင်ခေါင်းဆောင်တဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့က (အမ်အန်ဒီအေအေ) ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းကတော့ ဒီတိုက်ပွဲမှာ အစိုးရဘက်က အကျအဆုံးများတယ်လို့ ဒီဗွီဘီကိုပြောပါတယ်။ “မနက်အစောကြီးကတည်းကနေ စပြီး သူတို့လက်နက်ကြီးနဲ့ ပစ်ပါတယ်။ ၁၁ နာရီလောက် ကျတော့ ရဟတ်ယာဉ် ၂ စီးနဲ့ တိုက်လေယာဉ် ၂ စီးနဲ့ လာပြီးတော့ ဗုံးကြဲတယ်။ တိုက်တယ်။ ပြီးတော့ ကြည်းတပ်က ထိုးတက်တယ်၊ မရတော့ ပြန်ဆင်း၊ ပြန်ဆုတ်။ လက်နက်ကြီးနဲ့ ပြန်ပစ်၊ ပြန်တက် အဲဒီလိုပေါ့။ အဲဒီဖြစ်စဉ်မှာ အစိုးရဘက်က ၁၃၀ လောက် ကျတယ်။ ကျနော်တို့ဘက်က ၃ ယောက်ပါ အဲဒီပွဲမှာ တင်ပါ။ သူတို့က ထိုးစစ်၊ ကျနော်တို့က ခံစစ်ပါ၊ အဲဒီနေရာကနေ ကျနော်တို့ နည်းနည်းလေး ဆုတ်လိုက်တာပါ။ သူတို့ အားလုံး ထိန်းချုပ်ထားတာ မဟုတ်ပါဘူး။” 10942501_735600616557079_1500392464817951455_nအလားတူ ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းကလည်း  လောက်ကိုင်မှ ကွမ်းလုံသို့ ထွက်ခွာလာတဲ့  ကြက်ခြေနီအလံလွှင့် ယာဉ်တစ်စီး  ပစ်ခတ် တိုက်ခိုက်ခံခဲ့ရပြီး  MRTV-4 သတင်းဌာနက ၁ ဦး၊ လောက်ကိုင် ကြက်ခြေနီ ဒုဦးစီးမှူး ၁ဦး၊ လောက်ကိုင် ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ်က ဒုအရာခံဗိုလ်ရဲ့ သားဖြစ်သူနဲ့ တခြားအရပ်သား အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား ၁ ဦး  စုစုပေါင်း ၅ ဦးဒဏ်ရာရသွားခဲ့ပါတယ်။ ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး အစိုးရက ကိုးကန့် တပ်ဖွဲ့ရဲ့ လက်ချက်လို့ စွပ်စွဲထားပေမယ့် ဦးထွန်းမြတ်လင်းကတော့ ဒါကို မဟုတ်မှန်ကြောင်း  ငြင်းဆိုပါတယ်။ ‘ပထမအကြိမ်ဖြစ်ကတည်းက ကျနော်တို့ပြောပြီးပြီဘဲ ကျနော်တို့ရဲ့တပ် အဲဒီပတ်ဝန်းကျင်မှာ မရှိပါဘူး။ လူတိုင်းသိပါတယ် ကြက်ခြေနီဆိုတာ ပစ်လို့ မ၇ဘူးဆိုတာကို။ ပြည်သူလူထုကို ကျနော်တို့ လုံးဝမပစ်ပါဘူး။ ကျနော်တို့ ပြောထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြက်ခြေနီ အလံနဲ့ပဲသွားသွား အရပ်ဝတ်နဲ့ပဲသွားသွား လုံးဝမပစ်ရဘူးလို့ ကျနော်တို့ အမိန့်ထုတ်ထားပါတယ်”လို့ ဦးထွန်းမြတ်လင်းကပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း ချင်းရွှေဟော်အနီးမှာ   စစ်ပြေးဒုက္ခသည်တွေ တင်ဆောင်လာတဲ့ ကြက်ခြေနီ အလံလွှင့်တင်ထားတဲ့ ကယ်ဆယ်ရေးယာဉ်တန်းတိုက်ခိုက်ခံခဲ့ရပြီး ကြက်ခြေနီ တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့တာပါ။ ဖေဖော်ဝါရီ ၉ ရက်က စတင်ခဲ့တဲ့ ကိုးကန့်ဒေသ တိုက်ပွဲတွေမှာ  မြန်မာစစ်တပ်ဖက်က ၅၅ ဦးသေဆုံးပြီး ၁၀၈ ဦးဒဏ်ရရခဲ့တဲ့ အကြောင်းနဲ့ ကိုးကန့်ဖက်က ၇၂ ဦးသေဆုံးတယ်လို့  ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက  ဖေဖော်ဝါရီ ၂၁ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024