ဘုရင်ကို အကြည်ညိုပျက်စေမှုနှင့် ထိုင်းကျောင်းသား ၂ ဦး ထောင် ၂ နှစ်ခွဲ ချမှတ်ခံရ

ထိုင်းနိုင်ငံမှာ ဘုရင်ကို အကြည်ညိုပျက်စေမှုနဲ့ တရားရင်ဆိုင်နေရတဲ့  တက္ကသိုလ်ကျောင်းသား ၂ ယောက်ကို ဖေဖော်ဝါရီ ၂၃ ရက် ဒီနေ့မှာ ရုံးထုတ်ပြီး ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်လိုက်ပါတယ်။ သမာဆတ်တက္ကသိုလ်မှာ ၀ံပုလွေ သတို့သမီး(Wolf Bride) ပြဇာတ် တင်ဆက်ခဲ့တဲ့  အသက် ၂၃ နှစ်အရွယ် ပတီဝတ် စာရိုင်ယမ်နဲ့ တက်ကြွလှုပ်ရှားသူ အသက် ၂၆ နှစ်အရွယ် ပွန်တစ် မန်ခေါင်တို့ကို ပြီးခဲ့တဲ့နှစ် သြဂုတ်လက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ၁၉၇၃ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့က သမာဆတ်တက္ကသိုလ်က ဒီမိုကရေစီ တောင်းဆိုဆန္ဒပြတဲ့ ကျောင်းသားတွေကို စစ်တပ်က ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့ အဖြစ်အပျက် နှစ် ၄၀ ပြည့် အထိမ်းအမှတ်အမှတ်အဖြစ် ပြဇာတ်ကခဲ့တဲ့ ကျောင်းသား ၂ ယောက်ဟာ ဘုရင်ကို အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ ငြိစွန်းတယ်ဆိုပြီး တရားရင်ဆိုင်နေရတာပါ။။ ပြဇာတ်မှာ ပါဝင်ခဲ့တဲ့ တခြား ၆ ယောက်ကိုလည်း ရဲက ရှာဖွေနေပါတယ်။ သူတို့ အားလုံးဟာ ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံနိုင်တဲ့ အမှုနဲ့ ရင်ဆိုင်နေရပါတယ်။ ရဲက အလိုရှိနေသူတွေထဲက အနည်းဆုံး ၂ ယောက်ကတော့ ထိုင်းနိုင်ငံကနေ ထွက်ပြေး တိမ်းရှောင်သွားပါပြီ၊၊ ဝေဖန်သူတွေက ထိုင်းနိုင်ငံမှာ ဘုရင်ကို အကြည်ညိုပျက်စေမှု ပုဒ်မဟာ နိုင်ငံရေး အတိုက်အခံတွေကို ဖိနှိပ်ရာမှာ အသုံးချတဲ့ လက်နက်တခု ဖြစ်နေတယ်လို့ ဆိုကြပါတယ်။ ပါရီ အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေး ဖက်ဒရေးရှင်းရဲ့ စာရင်းအရ ထိုင်းမှာ စစ်တပ် အာဏာသိမ်းပြီးနောက် အနည်းဆုံး လူ ၄၀ အဖမ်းခံရပြီး ၇ ဦးဟာ ထောင်ဒဏ် ၃ နှစ်ကနေ ၁၅ နှစ်အထိ ကျခံနေရတယ်လို့ ဆိုပါတယ်။ ၀ံပုလွေသတို့သမီး ပြဇာတ်ကို စစ်တပ် အာဏာမသိမ်းခင် လပိုင်းအလို ၂၀၁၃ ခုနှစ် အောက်တိုဘာလက ကပြခဲ့တာ ဖြစ်ပေမယ့် စစ်အစိုးရ တက်လာတဲ့နောက်မှာ ရုံးတင် တရားစွဲတာဖြစ်ပါတယ်။ သိပ်မကြာခင်ကလည်း အငှားကားမောင်းသမားတယောက်နဲ့ အသက် ၂၄ နှစ်အရွယ် ကျောင်းသားတယောက်တို့ကို ဘုရင်ကို အကြည်ညိုပျက်စေမှုပုဒ်မနဲ့ ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up