ရှော့ပင်းမော့လ်များကို ဗုံးခြိမ်းခြောက်မှု၊ အမေရိကန် အမျိုးသားလုံခြုံရေးအကြီးအကဲ သတိပေး

အမေရိကန် ရှော့ပင်းမော့လ်တွေအပါအ၀င် အနောက်နိုင်ငံ ရှော့ပင်းမော့လ်တွေကို ဗုံးခြိမ်းခြောက်မှုတွေ ရှိခဲ့တာကြောင့် ဈေးဝယ်သူတွေ သတိထား သွားလာကြဖို့ အမေရိကန်အမျိုးသားလုံခြုံရေးအကြီးအကဲက ဖေဖော်ဝါရီ ၂၂ ရက်နေ့က သတိပေးခဲ့ပါတယ်။ ဆိုမာလီအခြေစိုက် အယ်လ် ရှားဘတ်အကြမ်းဖက်အဖွဲ့က အမေရိကန်၊ ကနေဒါနဲ့ ဗြိတိန်ဈေးဝယ်ကုန်တိုက်တွေကို အကြမ်းဖက်တိုက်ခိုက်ဖို့ ခြိမ်းခြောက်ခဲ့မှုကို အထူးအလေးအနက် ထားတယ်လို့ အမျိုးသားလုံခြုံရေးအကြီးအကဲ ဂျဲခ်ျ ဂျွန်ဆင်က စီအန်အန်သတင်းဌာနကို ပြောဆိုတာပါ။ ၂၀၁၃ ခုနှစ်က ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်က ဈေးဝယ်ကုန်တိုက်တခုကို အယ်လ်ရှားဘတ် အကြမ်းဖက်အဖွဲ့က အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး လူ ၆၇ ယောက် သေဆုံးခဲ့တာပါ။ အကြမ်းဖက်တိုက်ခိုက်မှုဟာ ပုံစံသစ်တခုနဲ့ သွားနေပြီး မိခင်နိုင်ငံတွေက နိုင်ငံသား အကြမ်းဖက်သမားတွေကို ပြန်အသုံးချနေကြတယ်လို့လည်း ဂျဲခ်ျ ဂျွန်ဆင်က ပြောဆိုပါတယ်။ ဒါကြောင့် ဈေးဝယ်သူတွေကို ရှော့ပင်းမော့လ်တွေကို မသွားဖို့ တားမြစ်တာတော့ မဟုတ်ပေမယ့် အခုလို အကြမ်းဖက်ခြိမ်းခြောက်မှုမျိုးတွေကို အလေးအနက်ထားရမှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ ခြိမ်းခြောက်တဲ့ ဗီဒီယိုထဲမှာတော့ ဗြိတိန်လေသံနဲ့ အကြမ်းဖက်အဖွဲ့ဝင်တဦးက အမေရိကန်နဲ့ ဂျူးလူမျိုးပိုင် ရှော့ပင်းမော့လ်တွေကို တိုက်ခိုက်ဖို့ အကြမ်းဖက်တွေကို လှုံ့ဆော်ထားတာပါ။ ဗြိတိန်ရဲတပ်ဖွဲ့ကလည်း အဲဒီဗီဒီယိုကို အသေးစိတ် စစ်ဆေးနေတယ်လို့ ပြောဆိုပါတယ်။ အမေရိကန် ရှော့ပင်းမော့လ်တွေဖြစ်တဲ့ မော့လ် အော့စ် အမေရိက (Mall of America)နဲ့  ၀က်တ် အက်ဒ်မွန်တန် မော့လ်(West Edmonton Mall)တို့ကတော့ လုံခြုံရေးတိုးမြှင့်မယ့် အစီအမံတွေကို ကြေညာချက်ထုတ်ပြန်ထားပါတယ်။ အမေရိကန်နိုင်ငံ မင်နီဆိုးတာပြည်နယ်မှာ ဆိုမာလီဒေသခံ အများဆုံး နေထိုင်ကြပြီး ပြီးခဲ့တဲ့ ၁ ပတ်က မင်နီဆိုးတာပြည်နယ်မှာ အိုင်အက်စ်အစွန်းရောက်တွေကို ထောက်ခံအားပေးသူတဦး  ထိန်းသိမ်းခံရပါတယ်။ ကနေဒါ၊ ပြင်သစ်နဲ့ ဒိန်းမတ်နိုင်ငံတွေမှာလည်း အိမ်မွေးခြံပေါက်အစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လုံခြုံရေးတိုးမြှင့်ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up