သမိုင်းဝင် အော်တိုမန်အုတ်ဂူကို တူရကီစစ်တပ် ပြောင်းရွှေ့မှု ဆီးရီးယား ရှုတ်ချ

တူရကီနိုင်ငံက အရိုသေအလေးအမြတ်ထားတဲ့ သမိုင်းဝင်အော်တိုမန် အုတ်ဂူတခုကို တူရကီစစ်တပ်က ဖေဖော်ဝါရီလ ၂၂ ရက်နေ့က စစ်ဆင်ရေးတရပ်နဲ့ ပြောင်းရွေ့ခဲ့ပြီး ဆီးရီးယားနဲ့ နယ်စပ်လုံခြုံရေးကို တင်းကျပ်ထားလိုက်ပါတယ်။ တူရကီတင့်ကား ၁၀၀ လောက်ကို ကိုဘာနီမြို့တဖက်ကမ်းက မာစစ်ပီနာမြို့၊ စစ်အခြေစိုက် စခန်းတခုမှာ ရပ်နားထားကြတာပါ။ အောတိုမန်အင်ပါယာကို ထူထောင်ခဲ့တဲ့ ပထမမြောက် အိုစမန်(Osman)ဘုရင်ရဲ့ အဘိုးတော်စပ်သူ ဆူလေမန် ရှား(Suleyman Shah)ဘုရင်ရဲ့ ရုပ်ကြွင်းကို တူရကီနယ်စပ်အနီး ဆီးရီးယားနိုင်ငံထဲမှာပဲ ရွှေ့ပြောင်းထားမယ်လို့ တူရကီဝန်ကြီးချုပ်က ပြောဆိုပါတယ်။ ဆီးရီးယားနိုင်ငံထဲက အုတ်ဂူ တည်ရှိရာနေရာကို တူရကီနိုင်ငံက အချုပ်အခြာနယ်မြေအဖြစ် သတ်မှတ်ထားတာပါ။ ဆီးရီးယားနိုင်ငံကတော့ တူရကီစစ်တပ်နဲ့ ၀င်ရောက်ပြီး အခုလို ပြောင်းရွှေ့ခဲ့တာကို ကျူးကျော်မှုဆိုပြီး ရှုတ်ချခဲ့ပါတယ်။ တူရကီနိုင်ငံက ဆီးရီးယားအစိုးရကို အသိပေးခဲ့ပေမယ့် ခွင့်ပြုချက်မရခင် ၀င်ရောက်ခဲ့တာလို့ ဆိုပါတယ်။ တူရကီဝန်ကြီးချုပ်က ဒီအုတ်ဂူဟာ တူရကီနိုင်ငံက အလေးအမြတ်ထားရာအုတ်ဂူ ဖြစ်ပြီး လုံခြုံရေးတာဝန်ယူထားတဲ့ တူရကီတပ်ဖွဲ့ဝင်တွေကို ကာကွယ်ဖို့လို့ တုံ့ပြန်ပါတယ်။ အုတ်ဂူကို စောင့်ကြပ်ခဲ့ကြတဲ့ တူရကီတပ်ဖွဲ့ဝင် ၃၈ ဦးဟာ ပုံမှန်တော့ ၆ လ ၁ ကြိမ် တာဝန်လဲလှယ်ရတာ ဖြစ်ပေမယ့် အိုင်အက်စ်တပ်ဖွဲ့ဝင်တွေကြား ပိတ်မိခဲ့တာကြောင့် ၈ လ လောက် ကြာသွားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် တင့်ကားအစီး ၁၀၀ နီးပါး၊ မောင်းသူမဲ့တိုက်လေယာဉ်တွေ၊ ကင်းထောက်လေယာဉ်တွေနဲ့ မြေပြင်တပ်ဖွဲ့ဝင် ၆၀၀ ကျော် ၀င်ရောက်ကယ်တင်ခဲ့တာပါ။ အိုင်အက်စ်တွေနဲ့ ထိပ်တိုက်တွေ့မှုတော့ မရှိခဲ့ပေမယ့် တူရကီတပ်ဖွဲ့ဝင်တဦးကတော့ မတော်တဆမှုတခုအတွင်း  သေဆုံးခဲ့ပါတယ်။ ၄ နှစ်နီးပါးကြာမြင့်လာပြီဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်ဖြစ်ပြီးနောက်ပိုင်း ဆီးရီးယားနိုင်ငံ ထဲကို တူရကီတပ်တွေ ပထမဆုံးဝင်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ကိုဘာနီမြို့ကို ထိန်းချုပ်ထားတဲ့ ဆီးရီးယားကာဒ့်တပ်ဖွဲ့ဝင်တွေရဲ့ အကူအညီနဲ့ ဒီစစ်ဆင်ရေးကို လုပ်ခဲ့တာလို့လည်း တူရကီလုံခြုံရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။ [gallery ids="82803,82804,82805,82806,82807,82808,82809,82810"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up