ဟိုးလေးတကျော်ဖြစ်ခဲ့သည့် ထိုင်းအမျိုးသား ၃ ဦး လက်ထပ်ပွဲ

ထိုင်းနိုင်ငံမှာ လိင်တူ အမျိုးသား ၃ ဦး အချင်းချင်း လက်ထပ်တဲ့ကိစ္စ ထိုင်းလူမှုကွန်ရက်တွေမှာ ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗာလင်တိုင်း ခေါ် ချစ်သူများနေ့က ထိုင်းနိုင်ငံမှာ ချစ်သူစုံတွဲတွေ ထူးထွေဆန်းပြားတဲ့ ပုံစံအမျိုးမျိုး ဥပမာ ဆင်ပေါ်မှာ လက်ထပ်တာ၊ ရေထဲမှာ လက်ထပ်တာ၊ သိုးတိရစ္ဆာန်ကြားထဲ လက်ထပ်တာ စတဲ့ ရင်ခုန်လှုပ်ရှားဖွယ် ပုံစံအမျိုးမျိုးနဲ့  အမှတ်တရ လက်ထပ်ကြတဲ့ထဲမှာ အမျိုးသား ၃ ဦး လက်ထပ်တဲ့သတင်းက ဟိုးလေးတကြော် ဖြစ်ခဲ့တာပါ။ ထိုင်းနိုင်ငံ အရှေ့ပိုင်း အူထိုင်းဌာနီခရိုင်က  အသက် ၂၀ နဲ့ ၃၀ ရွယ် ၀န်းကျင်ရှိ  ကျူတ်၊ ဘယ်လ် နဲ့ အာ့ထ် အမည်ရှိ ထိုင်းအမျိုးသား (ဂေး) ၃ ဦးရဲ့ ထူးခြားတဲ့ လက်ထပ်ပွဲကြောင့် ထိုင်းမီဒီယာတွေကလည်း တွေ့ဆုံမေးမြန်းခန်းတွေ  ထုတ်လွှင့်ခဲ့ပါတယ်။ “ဖြူစင်သောချစ်ခြင်းကို နှလုံးသားနဲ့ကြည့်မှ မြင်နိုင်မယ်” ဆိုတဲ့ ခေါင်းစည်းဆောင်ပုဒ်ပါတဲ့ သူတို့ လက်ထပ်ပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က အူထိုင်းဌာနီမြို့မှာ လူသိရှင်ကြား လက်ထပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ သူတို့ ၃ ဦးဟာ လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက စီးပွားရေးလုပ်ငန်းတခုကို အတူတကွလုပ်ကိုင်ခဲ့ပြီး လုပ်ငန်းခွင်အခက်အခဲတွေကို စိတ်တူကိုယ်တူဖြေရှင်းရာက သံယောဇဉ်ပိုတွယ်ခဲ့ပြီး သူငယ်ချင်းထက်ပိုတဲ့ မေတ္တာတွေနဲ့  ၃ ယောက်လုံး အတူလက်ထပ်ဖို့ ဆုံးဖြတ်လိုက်တာလို့ ချနယ်လ် ၃ အင်တာဗျူးမှာ ဖြေကြားပါတယ်။ သူတို့ ၃ ဦးကြား တချိန်ချိန်မှာ တစုံတယောက်ထပ်ဝင်လာရင် ဘယ်လိုလုပ်မလဲဆိုတဲ့ သတင်းထောက်ရဲ့ အမေးကိုတော့ ရှိတာနဲ့ ကျေနပ် ရောင့်ရဲခြင်းဟာ အဓိကပဲလို့  ဖြေဆိုခဲ့ပါတယ်။ ဒီမတိုင်ခင်က သူတို့မှာ သူငယ်ချင်းလိုလို ရည်းစားလိုလို မိန်းကလေးတွေ တွေ့ခဲ့ပေမယ့် အတည်မဖြစ်ခဲ့ကြောင်း၊ တဦးနဲ့တဦးကြား မနာလိုဝန်တိုမှုတွေလည်း မရှိဘူးလို့ ဆိုပါတယ်။ အမှန်စင်စစ် ထိုင်းနိုင်ငံမှာ လိင်တူချင်းလက်ထပ်ထိမ်းမြားခွင့်ရှိတဲ့ ဥပဒေမပေါ်ပေါက်သေးပေမယ့် သူတို့ ၃ ဦးဟာ လိင်ကွဲပြားမှုထက် တဦးကိုတဦး ယုံကြည်စိတ်ချခြင်း၊၊ နားလည်မှုပေးနိုင်ခြင်း နဲ့ သံယောဇဉ်တွေကို အဓိကထားပြီး လက်ထပ်ခဲ့တာလို့ သတင်ေးထာက်တွေကို ပြောသွားပါတယ်။
[gallery ids="82615,82616,82617,82618"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up