Home
မြန်မာသတင်း
ကိုးကန့်ပဋိပက္ခ အမြန်ဆုံးရပ်တန့်ရန် ယူအန်အက်ဖ်စီ တိုက်တွန်း
DVB
·
February 21, 2015
ကိုးကန့်လက်နက်ကိုင်ပဋိပက္ခတွေကို အမြန်ဆုံးရပ်တန့်ပြီး နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းဖို့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အဖွဲ့ရဲ့သဘောထားကြေညာချက်ထဲမှာ ကိုးကန့်တပ်ဖွဲ့ဟာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများကောင်စီနဲ့ တနိုင်ငံလုံးအပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ အန်စီစီတီအဖွဲ့ နှစ်ဖွဲ့စလုံးရဲ့ အဖွဲ့ဝင်ဖြစ်တာကြောင့် ကိုးကန့်တပ်ဖွဲ့ကို အခြားတပ်ဖွဲ့များနည်းတူ အသိအမှတ်ပြုပြီး လက်နက်ကိုင်ပဋိပက္ခကို အမြန်ဆုံးရပ်တန့်ကာ နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းဖို့ ဖော်ပြထားပါတယ်။ ဒီလို ဆွေးနွေးဖြေရှင်းတဲ့အခါမှာလည်း အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ (ယူပီဒဗလျူစီ) နဲ့ အန်စီစီတို့ရဲ့ တနိုင်ငံလုံးအပစ်ရပ်ဆွေးနွေးပွဲလမ်းကြောင်းက အမြန်ဆုံးသွားပါလို့ အကြံပြု တိုက်တွန်း ထားပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေကို နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါး စစ်ရေးနဲ့ဖြေရှင်းလို့ မပြေလည်ဘူးဆိုတာ သက်ဆိုင်သူအားလုံး သိရှိထားပြီးဖြစ်တဲ့အကြောင်းလည်း ယူအန်အက်ဖ်စီရဲ့ သဘောထားကြေညာချက်မှာ ဖော်ပြထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စုဖွဲ့ထားတဲ့ ယူအန်အက်ဖ်စီလိုပဲ ပြည်တွင်းက တိုင်းရင်းသားဒီမိုကရက်တစ်ပါတီတွေနဲ့ စုဖွဲ့ထားတဲ့ စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (ယူအန်အေ) ကလည်း မနေ့က ရက်စွဲနဲ့ အလားတူကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပြီး နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024