ကမ္ဘာ့အမြင့်ဆုံးထဲပါဝင်သည့် ဒူဘိုင်း မိုးမျှော်တိုက်တခုတွင် မီးလောင်
ကမ္ဘာ့အမြင့်ဆုံး လူနေတိုက်ခန်းတွဲ အဆောက်အအုံတွေထဲက တခုဖြစ်တဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု ဒူဘိုင်းမြို့က သတော့ခ်ျ မိုးမျှော်တိုက်မှာ ဒီနေ့ မီးလောင်ခဲ့တဲ့အတွက် ရာနဲ့ချီတဲ့ လူတွေကို ကယ်ထုတ်ခဲ့ရတယ်လို့ အဲဒီတိုက်မှာ နေထိုင်သူတွေက ပြောပါတယ်။
အမြင့် ၁၀၈၂ ပေရှိပြီး ၇၉ ထပ်ရှိတဲ့ အဆောက်အဦရဲ့ ဘေး ၂ ဖက်မှာ မီးတောက်တွေ ပန်းထွက်နေပြီး မှန်စ သံစတွေ မိုးရွာသလို ပြိုကျနေတယ်လို့ မျက်မြင်သက်သေတဦးက ပြောပါတယ်။
ထောင်နဲ့ချီတဲ့ မီးဘေးဒုက္ခသည်တွေကိုလည်း နေရာရွှေ့ပြောင်းပေးခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက မပြောသေးပါဘူး။
ဒူဘိုင်းဟာ အာရပ်စော်ဘွားများ ပြည်ထောင်စုထဲက စော်ဘွားနယ် ၇ နယ်ထဲက တခုပါ။ အာရပ် ပင်လယ်ကွေ့ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အချက်အချာ နေရာလည်း ဖြစ်ပါတယ်။