ဖိလစ်ပိုင် စားသောက်ဆိုင် ပစ်ခတ်မှု ဂျာမန် ၁ ဦး သေဆုံး

1K
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းက အမြန်ပြင်ဆင် စားသောက်နိုင်တဲ့ စားသောက်ဆိုင်တခုအတွင်း ပစ်ခတ်မှုကြောင့် ဂျာမန်နိုင်ငံသား ၁ ဦးသေဆုံးပြီး အိန္ဒိယနဲ့ပြင်သစ် နိုင်ငံသား ၂ ဦး ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေက ဖေဖော်ဝါရီ ၂၀ ရက်နေ့က ပြောပါတယ်။
လက်နက်ကိုင် အမျိုးသား ၄ ဦးက ပစ်ခတ်ခဲ့တာဖြစ်ပြီး တာလီဆေးမြို့ကို လာရောက်လည်ပတ်တဲ့ အသက် ၃၁ နှစ်အရွယ် ဂျာမန်လူမျိုး ဟင်နရီ ဟတ်ဖ်နာက သေနတ်ထိမှန် သေဆုံးပါတယ်။
ဒဏ်ရာရသူ ၂ ဦးကိုတော့ ဆေးကုသဖို့ အနားက ဆေးရုံဆီ အမြန်တင်ပို့ပေးခဲ့ရပါတယ်။ ရဲက ကနဦးစစ်ဆေးမှုတွေအရ ပစ်ခတ်မှုမဖြစ်ခင်က အိန္ဒိယနဲ့ ပြင်သစ် နိုင်ငံသားတို့ဟာ စားသောက်ဆိုင်ထဲမှာ ဘယ်သူဘယ်ဝါမသိရတဲ့ သေနတ်သမား ၄ ယောက်နဲ့ ငြင်းခုံနေခဲ့ကြတယ်လို့ ဆိုပါတယ်။
သေနတ်သမား ၄ ဦးက အိန္ဒိယနဲ့ ပြင်သစ်အမျိုးသားတို့ကို ပစ်ခတ်အပြီး စားသောက်ဆိုင်ကုန်လှောင် ရုံထဲ ဝင်ပြေးခဲ့တဲ့ ဂျာမန်နိုင်ငံသားကိုပါ ဆက်ပစ်ခဲ့ကြပါတယ်။
ရဲမှူး ကာမယ်လို ဒါယွန်ကတော့ သေနတ်သမား ၄ ဦးဟာ တအုပ်စုတည်းက ဖြစ်မယ်လို့ ယုံကြောင်း ပြောပါတယ်။ ရဲတွေက သေနတ်သမားတွေကို ရှာဖွေနေပါတယ်။