A d v e r t i s e m e n t With Us

အရက်ပုန်းဆိုင်များလျှော့ချရန် ဆောင်ရွက်နေဟု ပြည်ထဲရေး ဒု-၀န်ကြီးပြော

မြန်မာနိုင်ငံတ၀န်းမှာ အရက်ဆိုင်အရေအတွက် လျှော့ချရေးနဲ့ အရက်ပုန်းဆိုင်တွေ ပပျောက်ရေးအတွက် ဆောင်ရွက်နေတယ်လို့ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း က ပြောပါတယ်။ အရက်လိုင်စင် အမြောက်အမြား ခွင့်ပြုထားတဲ့အတွက် ဒေသအနှံ့ ကျေးရွာအနှံ့ အရက်ဆိုင်တွေ မှိုလိုပေါက်နေပြီး အရည်အသွေးမပြည့်ဝတဲ့ အန္တရာယ်ရှိအရက်တွေ ဖြစ်နေတာကြောင့် သောက်သုံးသူတွေ အသက်ငယ်ငယ်နဲ့ သေဆုံးတာ၊ အရက်ကြောင့် ယာဉ်တိုက်မှုနဲ့  ရာဇ၀တ်မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် အရက်လိုင်စင်ချထားပေးမှုနဲ့ အရေအသွေးမပြည့် အရက်ရောင်းချမှုတွေအပေါ် အရေးယူဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး မနေ့က ပြည်သူ့လွှတ်တော်မှာ  ကျောင်းကုန်းအမတ် ဦးသိန်းထွန်းကမေးမြန်းခဲ့တာပါ။ ဒီမေးမြန်းချက်အပေါ် ပြည်ထဲရေး ဒုဝန်ကြီးက “တရားမ၀င် အရက်ပုန်းဆိုင်များ မရှိစေရေးနဲ့ အရည်အချင်းပြည့်မီတဲ့ အရက်တွေကိုသာ ရောင်းချနိုင်ရေး အတွက် ယစ်မျိုးလုပ်ငန်း စိစစ်ကြပ်မတ်ရေးအဖွဲ့ငယ်၊ သတင်းစုံစမ်း ဖော်ထုတ်ရေး အဖွဲ့ငယ်၊ တားဆီးနှိမ်နင်းရေး အဖွဲ့ငယ်များ ဖွဲ့စည်းပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဖမ်းဆီးတရားစွဲဆို ဆောင်ရွက်လျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ အရက်ဆိုင်အရေအတွက် လျှော့ချရေး၊ အရက်ပုန်းဆိုင်များ ပပျောက်ရေး၊ လိုင်စင်ခွင့်ပြုချက်ရရှိထားသော ယစ်မျိုးဆိုင်များမှ သတ်မှတ်စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့အရက်များကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးနဲ့ စပ်လျဉ်းပြီး ယစ်မျိုး ဥပဒေနဲ့ အညီ ဆောင်ရွက် လျက်ရှိတယ်” လို့ ဖြေကြားသွားပါတယ်။ ဒါ့ပြင် အရက်သောက်သူတွေ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အရက်များကို ဘေးအန္တရာယ် ကင်းရှင်းစွာသောက်သုံးနိုင်ရန် ထုတ်လုပ်တဲ့ အရက်နမူနာတွေကို တနှစ်မှာ အနည်းဆုံး ၁ ကြိမ် စစ်ဆေးတဲ့အကြာင်းနဲ့ ခုဘဏ္ဍာနှစ်မှာ စစ်ဆေးမှု ခံယူခဲ့ခြင်းမရှိတဲ့  အရက်ချက် လိုင်စင် ၂၇ ခုကို ယာယီပိတ်သိမ်း ခဲ့တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ယစ်မျိုးနည်းဥပဒေလိုင်စင်အမျိုးပေါင်း ၄၁ မျိုးပြဋ္ဌာန်းထားပေမယ့် ခုဘဏ္ဍာနှစ်မှာ လိုင်စင် ၂၈ မျိုးကိုသာ ပြည်ထဲရေးဌာနက ခွင့်ပြုထုတ်ပေးထားပေးပြီး တနှစ်ထက်တနှစ် ယစ်မျိုးလိုင်စင် အရေအတွက်ကို လျှော့ချပြီးခွင့်ပြုပေးနေတယ်လို့လည်း  ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက  ပြောပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က ယစ်မျိုး လိုင်စင်အရေအတွက် ၄၁၃၀၃ ခုခွင့်ပြုပေးခဲ့ရာက   အခု  ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာတော့ လိုင်စင် ပေါင်း  ၄၁၂၁၀  ခွင့်ပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံတွင်းမှာ တရားဝင်ရော တရားမ၀င်ပါ အရက်ထုတ်လုပ်မှုတွေ ရှိသလို ပြည်ပက နည်းမျိုးစုံနဲ့ တင်သွင်းရောင်းချမှုတွေလည်းရှိနေတာပါ။ ပြည်တွင်းမှာ အရက်နဲ့ ဘီယာ ထုတ်လုပ်မှု ပမာဏ နှစ်စဉ် ဂါလန်ပေါင်း ၂၅ သန်းလောက် ထုတ်လုပ်မယ်လို့  အစိုးရ တရားဝင် ပြောကြား ချက်တွေအရ ခန့်မှန်းရပါတယ်။ မြန်မာနိုင်ငံမှာ အရက် သောက်သုံးမှုနှုန်းဟာလည်း တိုးပွားနေပြီး အသက် ၁၅ နှစ်အထက် အမျိုးသားတဦးရဲ့ အရက်သောက်သုံးမှုနှုန်းက ပျမ်းမျှ ၁၁ ဒသမ ၄ လီတာရှိတယ်လို့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up