A d v e r t i s e m e n t With Us

ချင်းအမျိုးသားနေ့အထိမ်းအမှတ် ပြည်တွင်းပြည်ပတွင်ကျင်းပ

ယခင်စစ်အစိုးရလက်ထက်မှာ ကျင်းပခွင့်မရခဲ့တဲ့ ချင်းအမျိုးသားနေ့အခမ်းအနားကို ချင်းပြည်နယ်မြို့တော် ဟားခါးနဲ့တခြား မြို့တွေမှာ ကျင်းပသလို ပြည်ပရောက် ချင်းတိုင်းရင်း သားတွေကလည်း ဒီကနေ့ ကျင်းပပါတယ်။ ဒီနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ၆၇ နှစ်မြောက် အခမ်းအနားကို ချင်းပြည်နယ်မြို့တော် ဟားခါးက ၀မ္မသူးမောင်းအားကစားကွင်းမှာ ကျင်းပပါတယ်။ ဒီအခမ်းအနားနဲ့ပတ်သက်ပြီး ချင်းပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ပူး ငွန်ဆန်းအောင်က “ဒီနှစ်ရဲ့ ထူးခြားချက်က သမ္မတကြီးကိုယ်တိုင် တက်ရောက်ချီးမြှင့်ပါတယ်ခင်ဗျ။ သမ္မတကြီးက ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်ပြီးတော့မှ တိုင်းရင်းသားအားလုံးနဲ့ ဒီမှာရှိတဲ့ လူတွေအားလုံး ညီညီညွတ်ညွတ်နဲ့ ၀ိုင်းဝန်းဆောင်ရွက်ဖို့ လမ်းညွှန်သွားပါတယ်ခင်ဗျ။ ကျနော်တို့ တိုင်းရင်းသားရိုးရာ နတ်တိုင်ကိုလည်း စိုက်ထူပေး ခဲ့ပါတယ်” လို့ပြောပါတယ်။ ချင်းအမျိုးသားနေ့ အခမ်းအနားကို ပေးပို့တဲ့ သမ္မတရဲ့သ၀ဏ်လွှာမှာတော့ ချင်းပြည်နယ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးနဲ့ လမ်းပန်းဆက်သွယ်ရေးတွေ တိုးတက်ကောင်းမွန်အောင် တိုးချဲ့ ဆောင်ရွက်ပေးနေတယ်၊ ပြည်နယ်တိုးတက်ရေးအတွက် လက်တွဲကြိုးပမ်းသွားကြဖို့ တိုက်တွန်းထားပါတယ်။ ချင်းအမျိုးသားနေ့ဟာ လွန်ခဲ့တဲ့ ၁၉၄၈ ခုနှစ်က မြေရှင်ပဒေသရာဇ်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ပြောင်းဖို့ ချင်းပြည်သူပေါင်း ၅ ထောင်ကျော် ပါဝင်တဲ့ လူထုညီလာခံကနေ ဆုံးဖြတ်ခဲ့ရာက စတင်ပေါ်ပေါက်လာတာပါ။ ချင်းအမျိုးသားနေ့ကို အရင် စစ်အစိုးရလက်ထက် ပြည်တွင်းမှာကျင်းပခွင့်မရဘဲ ခုချိန်မှာ လွတ်လွတ်လပ်လပ် ကျင်းပခွင့်ရတာနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦးက ဒေါက်တာဆလိုင်းလျှံမုန်းဆာခေါင်းက “မဆလ၊ န၀တ၊ နအဖ စစ်အစိုးရခေတ်အဆက်ဆက်မှာ ချင်းအမျိုးသားနေ့ကို လက်မခံတဲ့အတွက် ကျနော်တို့ တော်လှန်ရေးနယ်မြေမှာဘဲ လုပ်ခဲ့ရပါတယ်။ ဟိုတုန်းက ချင်းအမျိုးသားနေ့ကို စစ်အစိုးရကို ဆန့်ကျင်ရင်း၊ အာဏာရှင်စနစ်ကို ဆန့်ကျင်ရင်း ဆက်စပ်ကျင်းပခဲ့ရတယ်။ ခုတော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလည်းဖြစ်လာပြီ၊ အစိုးရနဲ့ ကျနော်တို့ ပူးပေါင်းပြီး ကျင်းပနိုင်ခဲ့တာ ၃ နှစ်ရှိပြီ။ ဆိုတော့ကာ ဒီတိုင်းပြည်မှာ ဒီမိုကရေစီစနစ် ပြန်လည်ရှင်သန်ဖို့ လမ်းစရပြီဆိုတဲ့ အရိပ်လက္ခဏာဖြစ်တယ်လို့” လို့ ပြောပါတယ်။ ၆၇ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားတွေကို ချင်းပြည်နယ်ဟားခါးအပြင်၊ ရန်ကုန်၊ မန္တလေးနဲ့ ပြည်တွင်းက အခြားမြို့တွေမှာရော အမေရိကန်၊ နော်ဝေ၊ ဒိန်းမတ်၊ သြစတြေးလျ၊ မလေးရှား၊ အိန္ဒိယ စတဲ့ နိုင်ငံတွေမှာပါ ပြည်ပရောက်ချင်းတိုင်းရင်းသားတွေက ကျင်းပခဲ့ပါတယ်။ မုံရွာတွင် ကျင်းပသည့် ချင်းအမျိုးသားနေ့ [gallery ids="82483,82484,82485,82486,82487,82488"]

A d v e r t i s e m e n t With Us

More News
Up