အစွန်းရောက်ဝါဒ ပျံ့နှံ့မှု ထိန်းချုပ်ရန် နိုင်ငံတကာကို အိုဘားမား ဆော်သြ

1K
အမေရိကန်သမ္မတ ဘားရတ် အိုဘားမားက အစွန်းရောက်ဝါဒ ပျံ့နှံ့မှုကို ထိန်းချုပ်ဟန့်တားဖို့ နိုင်ငံတကာလူ့အဖွဲ့အစည်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ဆော်သြလိုက်ပါတယ်။
အနောက်နိုင်ငံတွေဟာ အစ္စလာမ်ဘာသာနဲ့ စစ်ဖြစ်နေတာ မဟုတ်ဘဲ အစ္စလာမ်ဘာသာကို အလွဲသုံးစားလုပ်ဖို့ ကြိုးစားနေသူတွေရဲ့ အတွေးအခေါ်တွေနဲ့သာ ထိပ်တိုက် တွေ့နေတာလို့လည်း အိုဘားမားက အစွန်းရောက်ဝါဒရေးရာ ထိပ်သီးညီလာခံမှာ ပြောပါတယ်။
အယ်လ်ကိုင်းဒါးနဲ့ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(အိုင်အက်စ်)စစ်သွေးကြွတွေ၊ အကြမ်းဖက်သမား တွေဟာ သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကာကွယ်ဖို့ ရှင်းချက်ထုတ်ဖို့ အစ္စလာမ်ဘာသာကို သုံးဖို့
ကြိုးစားခဲ့တယ်လို့လည်း အိုဘားမားက ပြောပါတယ်။
အစွန်းရောက်သမားတွေရဲ့ ဝါဒဖြန့်ချီရေးက မွတ်စလင်လူငယ်တွေကို ပစ်မှတ်ထားပြီး အိုင်အက်စ်အဖွဲ့ကို ပူးပေါင်းဖို့ ဒါမှမဟုတ် ပြည်တွင်းမှာပဲ တိုက်ခိုက်မှုတွေကို လုပ်ဖို့ လှုံ့ဆော်နိုင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
“ဂျူးလား၊ ခရစ်ယာန်လား၊ မွတ်စလင်လားဆိုတာ မေးခွန်း မဟုတ်ဘူး။ ဒီအကျပ်အတည်းကနေ ထွက်ဖို့ ကျနော်တို့ အားလုံး တယောက်ကို တယောက် ကူညီရမယ်” လို့ အိုဘားမားက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကစတဲ့ ၃ ရက်ကြာ ထိပ်သီးညီလာခံအတွင်း နိုင်ငံတလွှားက ဒေသခံ အရာရှိတွေနဲ့ ကမ္ဘာတလွှားက ဝန်ကြီးတွေ တက်ရောက်ခဲ့ပါတယ်။
ဥရောပဒေသက ပါရီနဲ့ ကိုပင်ဟေဂင်မြို့တော်မှာ လတ်တလော ပစ်ခတ်မှုတွေက အစွန်းရောက် တိုက်ခိုက်မှုတွေကို နှိမ်နင်းရေး အနောက်နိုင်ငံတွေက မဖြစ်မနေ ဖြေရှင်းလာအောင် လှုံ့ဆော်ခဲ့ပါတယ်။