၁ ရက် ကျပ် ၈၀၀၀ ကျော်ရမှ အဆင်ပြေကြမှာ – ဦးထွန်းဝေ

ဦးထွန်းဝေ စစ်တမ်းကောက်နေစဉ်
အနိမ့်ဆုံးအခကြေးငွေကို တရက်ကို ကျပ်ငါးထောင်ကျော် သတ်မှတ်ပေးဖို့ စစ်တမ်းအရတွေ့ရှိရပြီး မိသားစု ၇၀ ရာခိုင်နှုန်းဟာ စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲရုန်းကန်နေရတယ်လို့ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ ကွင်းဆင်း စစ်တမ်းကောက်ယူခဲ့တဲ့ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MTUF) ဒုတိယဥက္ကဋ္ဌ ဦးထွန်းဝေက ပြောပါတယ်။ လူနေမှုကုန်ကျစရိတ်အပါအ၀င် ကျန်းမာရေး၊ ပညာရေးနဲ့ အထွေထွေအသုံးစရိတ်ပိုင်းတွေနဲ့ စုပေါင်းတွက်တဲ့အခါ အနိမ့်ဆုံးအခကြေးငွေဟာ ကျပ်ငွေ ရှစ်ထောင်ကျော် ရကြမှ အလုပ်သမားတွေရဲ့ဘ၀တွေ အဆင်ပြေလိမ့်မယ်လို့ အလုပ်သမားကိုယ်စားလှယ်အဖြစ် ကောက်ခံရရှိတဲ့အချက်တွေကို ကိုးကားပြောပါတယ်။ အနိမ့်ဆုံးအခကြေးငွေသတ်မှတ်ပြဌာန်းဖို့ မြို့ပေါင်း ၁၀၈ မြို့နယ်က အိမ်ခြေပေါင်း (၂၂၀၃၂) ကို ဇန်န၀ါရီလ ၂၆ ရက်နေ့ကစတင် ကောက်ခံနေကြပြီး ဒီကနေ့ နောက်ဆုံးသတ်မှတ်ရက်ဖြစ်ပါတယ်။ အနိမ့်ဆုံးအခကြေးငွေဥပဒေကို ၂၀၁၃ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာ သမ္မတက လက်မှတ်ထိုးထုတ်ပြန်ခဲ့သလို ဇူလိုင်လမှာ နည်းဥပဒေ ထုတ်ပြန်ခဲ့ပါတယ်။ အနိမ့်ဆုံးအခကြေးငွေ ပြဋ္ဌာန်းနိုင်ဖို့အတွက် ၂၀၁၃ ခုနှစ်ဒီဇင်ဘာလမှာ အမျိုးသားအဆင့်ကော်မတီတရပ် ကော်မတီ ဖွဲ့စည်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အစိုးရအရာရှိတွေအဆိုအရ အောက်တိုဘာလလောက်မှာ အနိမ့်ဆုံးအခကြေးငွေ သတ်မှတ်နိုင်ဖွယ်ရှိဖွယ်ရှိပါတယ်။ နိုင်ငံတ၀န်း အနိမ့်ဆုံးအခကြေးငွေအတွက် ကွင်းဆင်းစစ်တမ်းကောက်ယူမှုဟာ မြန်မာနိုင်ငံမှာ ပထမဆုံး အစိုးရ၊ အလုပ်သမား၊ အလုပ်ရှင်တွေ ပူးပေါင်းဆောင်ရွက်ကြတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် အလုပ်သမားကိုယ်းစားလှယ် ဦးထွန်းဝေကို ဆက်သွယ်မေးမြန်းထားပါတယ်။ ဦးထွန်းဝေတို့ အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ရေးနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ ကွင်းဆင်းပြီး စစ်တမ်းစကောက်တဲ့ရက်နဲ့ လုပ်ငန်းဆောင်တာတွေကို ပြောပြပါ။ “ဟုတ်ကဲ့ပါ Survey (စစ်တမ်း) ကောက်တာ ပြီးသွားပါပြီခင်ဗျ။ ကျနော်တို့ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၆ ရက်နေ့ကစပြီးတော့ ၀န်ထမ်းတွေကို အနိမ့်ဆုံးလစာ သတ်မှတ်နိုင်ရေးအတွက် အိမ်ထောင်စုများရဲ့ နေထိုင်စားသောက်ပုံစရိတ်ပေါ့နော် အဲဒီစရိတ်ကို စစ်တမ်းစကောက်တယ်ပေါ့နော်။ ကောက်တာက မြန်မာနိုင်ငံ တနိုင်ငံလုံးမှာဆိုရင် မြို့နယ်ပေါင်း ၁၀၈ မြို့နယ်ကို ရွေးချယ်ထားတယ်ပေါ့နော်။ ၁၀၈ မြို့နယ်မှာတော့ အိမ်ခြေပေါင်းက (၂၂၀၃၂) ကောက်တာ။ ကျနော်ကတော့ ရွှေပြည်သာမြို့နယ်က အလုပ်သမားကိုယ်စားလှယ်အနေနဲ့ ပါဝင်တာပေါ့နော်။ တမြို့နယ်ကို ၇ ယောက်ပေါ့နော်၊ အလုပ်သမားကိုယ်စားလှယ်က ၁ ယောက်၊ လုပ်ငန်းရှင်က ၁ ယောက်၊ အစိုးရ၀န်ကြီးဌာနက ၄ ယောက်ပါမယ်။ ဒေသမြို့နယ်အုပ်ချုပ်ရေးမှူးက ၁ ယောက်ပါမယ်။ အားလုံးစုစုပေါင်း ၇ ယောက် ကောက်ပါတယ်ခင်ဗျ။ မြို့နယ် ၁ ခုမှာ ၇ ယောက်ကိုယ်စားလှယ် ရွေးရွေးပြီးတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ သွားတာပါခင်ဗျ။ ကျနော်ကတော့ ရွှေပြည်သာ တာဝန်ပေါ့နော်။ အဖွဲ့ ၁၀၈ ဖွဲ့မှာ ၇ ယောက်စီပေါ့။” 10986699_374053832776977_2423468977362821347_nရွှေပြည်သာမှာ ကောက်ယူမှုအတွေ့အကြုံကို ပြောပြပါ။ ဘာတွေကို အဓိကထား ကောက်ယူခဲ့ပါသလဲ။ “အဓိကကတော့ အမှန်တကယ် ကျနော်တို့ ကောက်ပုံကောက်နည်းကတော့ ကျပန်းထောက်ကွက်ပေါ့နော်။ ကျပန်းထောက်ကွက်နဲ့ ကောက်ပြီးတော့။ ရွှေပြည်သာရယ်လို့တော့မဟုတ်ဘူးနော် မြို့နယ်တခုမှာ ရပ်ကွက်က ၃ ရပ်ကွက်၊ ရွာက ၃ ရွာ အဲလိုသတ်မှတ်တယ်။ ရွာမရှိရင်တော့လည်း ရပ်ကွက်ကြီး ၆ ရပ်ကွက်ပေါ့။ ကျနော်တို့ရွှေပြည်သာကျတော့ ရွာရှိနေတဲ့အတွက် ရွာက ၃ ရွာနဲ့ ရပ်ကွက်က ၃ ရပ်ကွက်။ သူက ၁ ရွာ သို့မဟုတ် ၁ ရပ်ကွက်ကို ကျနော်တို့က ကောက်ကွက် ၂ ခု သတ်မှတ်တယ်။ ကောက်ကွက် ၁ ခုကို ကျနော်တို့က ၁၇ အိမ်ကောက်တယ်။ ကောက်ကွက် ၂ ခုဆိုတော့ ၃၄ အိမ်ကောက်ရတာပေါ့နော်။ ၃ ရပ်ကွက် ၃ ရွာဆိုတော့ ၆ ရပ်ကွက်ဖြစ်တဲ့အတွက် ၂၀၄ အိမ်ကို စစ်တမ်းတွေလိုက်ကောက်ပါတယ်။ တခြားမြို့နယ်တွေလည်း ဒီလိုပဲပေါ့နော်။” စစ်တမ်းကောက်ရာမှာ မေးခွန်းတွေ၊ ဆောင်ရွက်ပုံအဆင့်ဆင့်ကို ပြောပြပါ။ “စုစုပေါင်း မေးခွန်းကြီးက ၅ ခု ရှိတယ်။ အဲဒီ ၅ ခုမှာ မေးခွန်းခွဲလေးတွေ ၁၉ ခု ရှိတယ်။ မေးခွန်းခွဲ ၁၉ ခုမှာ နောက်ထပ် အသေးစိတ်မေးခွန်းလေးတွေက အားလုံး ၅၆၁ ခု ရှိတယ်။” “မေးခွန်းကြီး ၅ ခုမှာဆိုရင် ပထမ သူက သန်းခေါင်စာရင်းဝင်ဦးရေကို အရင်ယူတာပေါ့။ ကျား၊ မ ဘယ်လောက်ရှိသလဲ၊ အသက်အရွယ် ဘယ်လောက်ရှိသလဲ။ ဒါပြီးရင် နေထိုင်မှုပုံစံကို မေးတယ်။ ဘယ်လိုအိမ်နဲ့ နေတာလဲ၊ တိုက်အိမ်လား၊ ၀ါးအိမ်လား၊ သစ်အိမ်လား၊ အိမ်အမျိုးအစားပေါ့နော်။” “နောက်ဆုံး အိမ်သာကအစ သစ်ဘယ်နှတိုင်လဲ။ အထပ်ဆိုရင်လည်း ၁ ထပ်လား၊ ၂ ထပ်လား၊ ၃ ထပ်လားစတဲ့ နေအိမ်ပုံစံကို သွားရတယ်။ အဲဒီနေအိမ်ပုံစံပြီးတော့ တတိယခေါင်းစဉ်အနေနဲ့ စားသောက်ပုံ ပုံစံကို ကျနော်တို့က ကောက်ရတယ်။ ဒီနေ့ တနေ့ ဘာနဲ့ စားသလဲ။ စားသောက်ပုံ ပုံစံကောက်တဲ့အခါ ၁ ပတ်စာ၊ ၁ လစာ၊ ၁ နှစ်စာ ပေါ့နော် ကာလ ၃ ခုကို ယူပြီးတော့၊ ဘယ်လိုစားကြသလဲ၊ အသီးအရွက် ဘယ်လိုစားသလဲ၊ အသား-ငါး ဘယ်လိုစားသလဲ၊ အသီးအနှံနဲ့ ဆိုရင် ပန်းသီးတို့ လိမ္မော်သီးတို့ ငှက်ပျောသီးတို့ ဒီလို အထွေထွေအသုံးစရိတ်ပေါ့။ ဘယ်လိုသုံးကြသလဲ၊ ဘယ်လိုစားကြသလဲဆိုတာကို အသေးစိတ် မေးရတယ်။ မေးပြီးတဲ့အခါ သူတို့စားတဲ့အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့က ဈေးနှုန်းလိုက်တွက်ပေးရတယ်။ ယနေ့ကာလပေါက်ဈေးကို တွက်ပြီးတော့ ဒီ ဒေတာ (အချက်အလက်) ထဲမှာ ဖြည့်ပေးရတယ်။” 10959359_374030499445977_4452479846346691498_n“စတုတ္ထအဆင့်ကျတော့ စားသောက်ပြီးတဲ့အခါမှာ နေအိမ်နေထိုင်မှုတွေမှာ အတွင်းပစ္စည်းမှာ ဘာတွေ ရှိသလဲ။ ဘီရိုတွေ ရှိသလား။ သေတ္တာတွေ ရှိသလား။ ကျွန်းဘီရိုကြီးတွေလား၊ ဘယ်နှစ်လုံး ရှိသလဲ၊ သေတ္တာ ဘယ်နှလုံး ရှိသလဲ။ ဘယ်လောက် ပေးရလဲ။ ဘယ်ခုနှစ်ကတည်းက ဒီဘီရိုကြီးတွေက ၀ယ်ထားတာလဲ။ ၀ယ်ထားတဲ့အပေါ်မှာ ကုန်ကျစရိတ် ဘယ်လောက်လဲ။ ဒီနှစ်မှာ ၀ယ်တယ်ဆိုရင် ၁ သိန်းကျော်တာပေါ့၊ လွန်ခဲ့တဲ့ နှစ် ၂၀ ကဆို ဘယ်လောက်ရှိမလဲ မေးတော့ သူတို့က မမှတ်မိဘူးပေါ့လေ။ ဒီတော့ မှန်းဖြေတာတို့၊ ရမ်းဖြေတာတို့ အဲဒါလေးတွေတော့ ရှိတယ်။” “လွန်ခဲ့တဲ့ကိစ္စကို မေးတဲ့အခါမှာ တိတိကျကျ ကျနော်တို့မှာ မရတာ ရာခိုင်နှုန်းတော်တော်များများပဲ တိတိကျကျ မရဘူးပေါ့။ ဒါပေမယ့် ယနေ့ စားသောက်ပုံလေးကတော့ တော်တော်တိတိကျကျ အတိကျဆုံးတော့ ရရှိတာပေါ့။” “ပဉ္စမနောက်ဆုံးကတော့ ၁ လစာ ၀င်ငွေ ဘယ်လောက်ရှိပါသလဲ။ ၀န်ထမ်းလား။ နေ့စားဝန်ထမ်းလား၊ စိုက်ပျိုးရေး ကိုယ်ပိုင်စိုက်ပျိုးသလား၊ ကိုယ်ပိုင်မွေးမြူသလား။ ဒါမှမဟုတ် အရာရှိ အရာခံလား။ ဒါမျိုးတွေပေါ့။ ၁ လစာ ၀င်ငွေ ဘယ်လောက်ရှိပါသလဲ။ မေးခွန်းကြီး ၃ ခု မေးရတယ်။ မေးခွန်း ၅ ခုကနေ မေးခွန်းအသေးလေးတွေ ၅၆၁ ခု မေးရတယ်။” ဇန်န၀ါရီ ၂၆ က စတင်တာ ဘယ်တော့ အပြီးသတ်သွားလဲ။ “၂၆ ရက်နေ့ကတော့ စကောက်လိုက်တာ ကျနော်တို့ ဒီလ ၁၆ ရက်နေ့မှာ ပြီးသွားပါပြီ။ ဒါပေမယ့် ဒီလ ၂၀ ရက်နေ့အထိ target ပေးထားပါတယ်။ ကျနော်တို့ ကွင်းဆင်းတာ ပြီးသွားတော့ လိုအပ်တာလေးတွေ ပြန်လည်စိစစ်ပြီးတော့ ပြင်ဆင်စရာလေးတွေ ပြင်ဆင်တာပေါ့။ ကွင်းဆင်း တုန်းက တခါတလေ ကျနော်တို့ ပြန် မစစ်ဆေးတဲ့အပိုင်းလေးတွေကို အခု အပြီးအပြတ် အပြီးအစီး ဖြစ်အောင် လုပ်နေတာပေါ့။” ဒီစစ်တမ်းကောက်ယူမှုမှာ ဒေသခံပြည်သူတွေက နားလည်ကြသလား။ ပူးပေါင်းပါဝင်မှု အခြေအနေကရော။ “ကျနော်တို့ ရွှေပြည်သာမြို့နယ်မှာ အခု စစ်တမ်းအရဆိုရင်တော့ အခြေခံကျတဲ့လူတန်းစားက ၇၀ ရာခိုင်နှုန်းလောက်ရှိတယ်။ ချမ်းသာတဲ့လူတန်းစားကတော့ မရှိသလောက်ကို ရှားတယ်။ အသင့်အတင့်တော့ နေနိုင်စားနိုင်တဲ့လူတန်းစားတော့ ရှိတာပေါ့နော်။ ရာခိုင်နှုန်း ၇၀ လောက်က တော့ အခြေခံကျပြီးတော့ စားရေးသောက်ရေး နည်းနည်းလေး ဒီလိုပဲ ရုန်းကန်နေကြတဲ့သူတွေပေါ့။ ရရှိတဲ့ငွေနဲ့ ထွက်ငွေနဲ့ မလုံလောက်တဲ့လူမျိုးတွေပေါ့။ တော်တော်များများကို ရှိပါတယ်။ “ထူးခြားတာကတော့ ကျနော်တို့ ရွှေပြည်သာမြို့နယ်က သူက 10986702_374046536111040_5308261115890476013_nမြို့သစ်ပိုင်းလည်း ဖြစ်နေတဲ့ အခါ ကျတော့ အိမ်ငှားကတော့ သိပ်မရှိဘူးဗျ။ အိမ်ရှင်တွေချည်းပဲ။ အဲဒီအိမ်ပေါ်မှာ၊ သူတို့ ရရှိတဲ့မြေပေါ်မှာ တဲလေးတွေ၊ တင့်တောင့်တင့်တယ်အိမ်လေးတွေ ဆောက်တယ်။ တချို့လည်း မဆောက်နိုင်တော့ ၀ါးတဲလေးတွေနဲ့ပဲ နေတာ။ ဒါပေမယ့်သူတို့က မြေယာတော့ ပိုင်ဆိုင်မှု ရှိတယ်။ တော်တော်များများ ၇၀ ရာခိုင်နှုန်း ကတော့ မြေယာ ပိုင်ဆိုင်တယ်။ ကျန်တာကတော့ အိမ်ငှား နေကြတာပေါ့။ ဒါက မြေယာပိုင်ဆိုင်မှုအပိုင်းပေါ့။ “တနေ့တာရဲ့ ၀င်ငွေကတော့ နည်းတဲ့အတွက် နည်းနည်းလေး ခြိုးခြံချွေတာပြီး သုံးနေကြရတယ်။ ၀င်ငွေနည်းတော့ ထွက်ငွေနဲ့ မကာမိတဲ့အတွက် ချွေတာရတယ်။ ချွေတာလို့မှ အဆင်မပြေရင် ပေါင်တာ၊ နှံတာ။ ရှိတဲ့ပစ္စည်း ပေါင်နှံစားရတာ၊ ရောင်းချစားရတာ တော်တော်များများကို ကျနော်တို့ ရွှေပြည်သာမြို့နယ်မှာ တွေ့ရတယ်။” မေးခွန်းတွေထဲမှာ ကလေးပညာရေး၊ ကျန်းမာရေးနဲ့ အခုခေတ်မှာ စားဝတ်နေရေးတင်မကဘဲ အရေးတပါး တိုးလာတဲ့ ခရီးသွားလာရေး စတာတွေနဲ့ ပတ်သက်လို့ ကောက်ယူရရှိမှုကို ပြောပြပါ။ “ပညာရေးလည်း ပါပါတယ်။ ပညာရေးဆိုရင် ၁ နှစ်လုံးလုံးကို ပညာရေးကဏ္ဍအနေနဲ့ ကျောင်း စရိတ်က ဘယ်လောက်ကုန်ပါသလဲ။ ကျူရှင်စရိတ်က ဘယ်လောက်ကုန်ပါသလဲ ပါပါတယ်။။ သူတို့ တော်တော်များများ ကျောင်းစရိတ်၊ ကျူရှင်စရိတ်တွေက တနှစ်ပတ်လုံးဆိုရင် သိန်းချီနေတယ်။ “တချို့ဆိုရင် ၁ လကို ၃ သောင်းလောက်ပေးရတဲ့ ကျောင်းသားမျိုးတွေ၊ ၁၀ တန်း ကျောင်းသားတို့၊ ၉ တန်းကျောင်းသားတို့လည်း ရှိတယ်။ တချို့က ကျောင်းကျူရှင်မှာလည်း ပေးရသလို အရပ်ကျူရှင်မှာလည်း ပေးနေရတာတွေ ရှိတယ်။ တော်တော်များများကတော့ ကျူရှင်မတက်တဲ့ ကျောင်းသား တော်တော်ကို နည်းပါတယ်။ “အဲဒီတော့ သူတို့မှာ ကျောင်းစရိတ်က တော်တော်ကို ထောင်းပါတယ်။ ၁ လ ၁ လကို။ ကျောင်းသားတယောက်ရှိမယ်ဆိုရင် ၁ လကို အနည်းဆုံးတော့ ၅ ထောင် ၁ သောင်းကတော့ အနည်းဆုံး သွားတယ်။ ဒါက ကျူရှင်စရိတ်ပေါ့။ အဲဒီမှာ ကျောင်းကျူရှင်ပါ ဆက်တက်ရမယ်ဆိုရင် ၁ သောင်းခွဲ၊ ၁ သောင်း။ အဲလို သွားတယ်။ အဲဒါ တော်တော်လေး နွမ်းပါးတဲ့လူပေါ့။ မဖြစ်မနေ ထားရတာ။ နည်းနည်းလေး သင့်တင့်တဲ့လူမျိုးဆိုရင်တော့ ၁ လကို ၁ သောင်းခွဲ ၂ သောင်းတန်လောက် ၃ သောင်းအထိတောင် ပေးပြီးတော့ ကျူရှင်စရိတ်တွေ သွားနေတယ်။ “ကျနော်က ရရှိတဲ့ဝင်ငွေနဲ့၊ ဒီကျူရှင်စရိတ်တွေနဲ့၊ ဒီအထွေထွေအသုံးစရိတ်တွေနဲ့၊ သူတို့ မုန့်ဖိုးတွေနဲ့ လောက်ငရဲ့လားလို့ မေးကြည့်တဲ့အခါကျတော့ အမှန်တကယ်တော့ မလောက်ငဘူး ပေါ့။ ဒီလိုပဲ လှည့်ပတ်ပြီး စားရတယ်ပေါ့။ တခါတလေကျရင် လူ ၄ ယောက်ရှိရင် ၄ ယောက်လုံးမှာ ၃ ယောက်က ထွက်လုပ်ပြီး ၁ ယောက်က အိမ်မှာ နေရတာမှာ အဲဒီတယောက်က မနေရဘူးပေါ့။ အိမ်အလုပ်ကလေးလုပ်၊ ကွမ်းယာဆိုင်လေးဖွင့်ထားတာတို့၊ အိမ်ဆိုင်လေးဖွင့်ထားတာတို့၊ တခြား သစ်သီးသစ်ရွက်လေး ရောင်းစားတာတို့ ဒီလိုပဲ လှည့်ပြီးတော့ ထိန်းရပါတယ်တဲ့။ ထိန်းပြီးတော့ သားသမီးတွေရဲ့ပညာရေးအတွက် သူတို့ တော်တော်ကို ခဲရာခဲဆစ် ပံ့ပိုးပေးရတယ်ပေါ့။ အဲဒီအပိုင်းလေးတွေလည်း ရှိတယ်။” ကျန်းမာရေးနဲ့ပတ်သက်လို့ အခြေခံလူတန်းစားတွေက ဘယ်လိုဖြစ်တာ တွေ့ရလဲ။ “ကျန်းမာရေးက ကျနော်တို့ စစ်တမ်းထဲမှာ ပါဝင်တာ သူက လစဉ်၊ လစဉ် ပုံမှန်စားသုံးတဲ့ ဆေးဝါး ရှိပါသလားတဲ့ မေးတော့ ဒီမှာက လစဉ်လစဉ် ပုံမှန်စားသုံးတဲ့ ဆေးဝါးရယ်လို့ ကျနော်တို့ မြို့နယ်မှာ၊ ဆင်းရဲသားလူတန်းစားမှာကတော့ တော်ရုံတန်ရုံ မ၀ယ်နိုင်ဘူးပေါ့ဗျာ။ မ၀ယ်နိုင်တော့ ရောဂါလေးဖြစ်မှ ကြုံသလို သွားဝယ်၊ ကြုံသလို သွားဝယ်။ အဲဒါကလည်း လစဉ် သူတို့မှာ ၃၊ ၄ ကြိမ်က မပြတ်ရှိတာပေါ့။ သို့သော် ရောဂါက ကျန်းမာရေးနည်းနည်းလေး ချို့တဲ့တဲ့မိသားစု ဆိုရင်တော့လည်း ပုံမှန်ဆေးဝါးတွေ ဆောင်တယ်။ အဲဒါက ၁ လ ၁ လကို ၈ ထောင်နဲ့ ၁ သောင်းကြားထဲမှာ ပုံမှန်ဆေးဝါးအတွက်ကို ရှိတယ်။ “အကြီးအကျယ် ကျန်းမာရေးထိခိုက်ပြီးတော့ ရောဂါဖြစ်ရင် ဆေးရုံတွေ ဘာတွေ တက်ရတာ တို့၊ ဆေးခန်း အမြဲတမ်းသွားနေရတယ်ဆိုလို့ ရှိရင်တော့ ကျိန်းသေတယ် သူတို့မိသားစုဟာ ကျန်းမာရေးအတွက် တော်တော်ကို လုံးချာလိုက်ပြီးတော့ အိမ်မှာ ပိုင်ဆိုင်မှုတွေ ရောင်းစားရတဲ့အဆင့်ထိ ရောက်တယ်။ တချို့ လယ်ယာရှိတဲ့လူဆို လယ်ယာ ရောင်းစားရတယ်။ လယ်ယာ ပေါင်နှံစားရတယ်။ အိမ်ဂရန် ပေါင်ရတယ်။  ဒီလိုလေးတွေလည်း ကျန်းမာရေးအတွက် တွေ့ခဲ့ရတယ်။ ဒီဘက်မှာ တော်တော်လေးရှိပါတယ်။” အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမား ထူးထူးခြားခြားပူးပေါင်းဆောင်ရွက်ကြရာမှာ တာ စစလွှတ်ချင်းမှာ ညီညီ ညာညာ ပြေးခဲ့ကြရဲ့လား။ “ကျနော်က ရွှေပြည်သာမှာ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂရဲ့ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်နေတယ်။ ပြီးတော့ ကျနော်က အလုပ်သမားကိုယ်စားလှယ်အဖြစ်လည်း ပါဝင်နေတော့ ကျနော်တို့အဖွဲ့ ၅ ယောက်မှာ အုပ်ချုပ်ရေးမှူးက တယောက်လည်း ပါပါတယ်ပေါ့။ သူက ရုံးအုပ်ကြီး ဦးဝင်းရီပါ။ သူကတော့ တစိုက်မတ်မတ်ကို ကျနော်တို့နဲ့ လက်တွဲပြီးတော့ ပါတယ်။ တကယ်ကို စိတ်ပါဝင်စားစွာနဲ့ ကျနော်တို့အတွက် အင်မတန်မှကို ပူးပေါင်းဆောင်ရွက်လို့ ကောင်းတဲ့လူတဦးပါ။ ကျန်တဲ့မြို့နယ်တွေမှာလည်း အဲသလိုရှိလိမ့်မယ်လို့တော့ ယူဆပါတယ်။” ကွင်းဆင်းကောက်ယူမှု ပြီးဆုံးခဲ့ပြီဆိုတော့ စစ်တမ်းကို ဘယ်လို နောက်ဆက်တွဲလုပ်ငန်းစဉ်နဲ့ ရှေ့ဆက်သွားဖို့ ဖြစ်မလဲ။ “စစ်တမ်းက ၂၀ ရက်နေ့ နောက်ဆုံး ဒီစစ်တမ်းကို ကျနော်တို့က တင်ပြရမှာပေါ့။ ကျနော်တို့က အလည (အလုပ်သမားညွန်ကြားရေးမှူး) ရုံးကို နေပြည်တော်ကို ဦးအောင်ဌေးဝင်းဆီ ကျနော်တို့က တင်မယ်။ အဲဒီလို တင်ပြီးတဲ့အခါမှာ သူက တနိုင်ငံလုံးက စစ်တမ်းတွေ စုဆောင်းပြီးတော့ သူက Data Research (အချက်အလက်ရသုတေသန) ရှာတာပေါ့။ နိုင်ငံခြားနည်းပညာနဲ့ ရှာတယ်လို့ ပြောတာပဲ။ ရှာပြီးတော့ ရရှိတဲ့ အနိမ့်ဆုံးလစာကို လုပ်ငန်းရှင်ရယ်၊ အလုပ်သမားရယ်၊ နိုင်ငံတော်အစိုးရရယ် ၃ ပွင့်ဆိုင် ဆွေးနွေးတိုင်ပင်ပြီးတော့ သတ်မှတ်ပေးမယ်လို့ ပြောတယ်။ သတ်မှတ်တဲ့အခါမှာ ရရှိတဲ့အနိမ့်ဆုံးလစာအပေါ်မှာ သူက တကယ်လို့ လုပ်ငန်းရှင်ဘက်ကပဲဖြစ်ဖြစ်၊ အလုပ်ရှင်ဘက်ကပဲဖြစ်ဖြစ် မကျေလည်ဘူးဆိုရင် ရက်ပေါင်း ၆၀ အတွင်းမှာ ပြန်ညှိနှိုင်းဆွေးနွေးမယ်ဆိုပြီးတော့ ကျနော်တို့ ကြားသိရပါတယ်။” ဒီလုပ်ငန်းစဉ်တွေ ဆောင်ရွက်ကြတဲ့အခါ ဒီနှစ် အောက်တိုဘာလလောက်ဆိုရင် အနိမ့်ဆုံးလစာတရပ် ပေါ်ထွက်လာနိုင်သလား။ “ကျနော်ကတော့ မျှော်လင့်တယ်။ ဘယ်လို မျှော်လင့်လည်းဆိုတော့ အခု ၂၀ ရက်နေ့မှာ ကျနော်တို့ အပြီးသတ်တင်ရမှာ။ နောက်တခါ သူတို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အချက်အလက်တွေ စုဆောင်းရမှာနဲ့ ဆိုရင်။ အမှန်တကယ်က ကျနော်တို့ အလုပ်သမားတွေက ၀န်ထမ်းတွေ လစာမတိုးမီမှာ ကျနော်တို့ အနိမ့်ဆုံးလစာ သတ်မှတ်ပေးနိုင်ဖို့အတွက်ကို တောင်းဆိုထားတာ ရှိတယ်လေ။ အဲဒီပေါ်မှာ သူတို့လည်း ၀န်ကြီးဌာနကလည်း ကြိုးစားပါတယ်။ ကြိုးစားပေမယ့် တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုတော့ တော်တော်လေး အချိန်ယူရတော့ အခုလိုပေါ့။ အစိုးရ၀န်ထမ်းတွေ လစာတိုးမယ့်အချိန်မှာတော့ အနိမ့်ဆုံးလစာ မသတ်မှတ်နိုင်ဘူးလို့ ကျနော် ထင်ပါတယ်။ အဲဒီလို မသတ်မှတ်နိုင်တဲ့အခါမှာ အောက်တိုဘာဆိုတော့ ကျနော်တို့က ရွေးကောက်ပွဲဆိုတော့ အဲဒီမတိုင်ခင်တော့ ပြီးလိမ့်မယ်လို့ ထင်ပါတယ်။” စစ်တမ်းကောက်ယူတာနဲ့ပတ်သက်ပြီး ဘာဖြည့်စွက်ပြောစရာရှိဦးမလဲ။ “အခု စစ်တမ်းနဲ့ပတ်သက်ပြီးတော့ ကျနော်တို့တွေကတော့ အတတ်နိုင်ဆုံးနဲ့ ကြိုးစားပြီးတော့ အောက်ခြေကို ဆင်းပြီးတော့ မေးခဲ့ပါတယ်။ ဘာကြောင့်မေးရလဲဆိုတော့ ကျနော်တို့က အနိမ့်ဆုံး အခြေခံကျတဲ့ လူတန်းစားတွေအတွက် စီးပွားရေးတနေရာပေါ့။ ပြေလည်သွားစေချင်တာရယ်။ ဒါကလည်း နိုင်ငံတော်ရဲ့ third wave တတိယလှိုင်း စီမံကိန်းကြီးတခုပဲလေ။ အဲဒါကိုလည်း ပြီးမြောက် အောင်မြင်အောင် အကောင်အထည်ဖော်ပေးတာပေါ့။ အဲဒီလို ဖော်ပေးပြီးသွားပြီပေါ့နော်၊ စစ်တမ်း ကောက်ပြီးသွားပြီ။ အဲဒီမှာ ဘယ်လောက်ရသင့်ပါတယ်ဆိုတာကိုလည်း ကျနော်တို့က အခု အသေးစိတ်ကိုလည်း ဒါရိုက်ကွင်းဆင်းပြီးတော့ မေးစမ်းရင်းနဲ့ ကျနော်တို့ အဖွဲ့ချုပ်ကလည်း တွက်ချက်တော့ အနည်းဆုံး ကျပ် ၅ ထောင်နဲ့ အထက် ၀န်ထမ်းတယောက်ကိုရမှ တော်တော်လေးကို သူတို့ အဆင်ပြေမှာပေါ့။ “တကယ့်တကယ်မှာတော့ ၅ ထောင်နဲ့ အထက်ရရင် အဆင်ပြေတဲ့လူလည်း ရှိတယ်။ အဆင်မပြေတဲ့လူလည်း ရှိတယ်။ လူနေမှုကုန်ကျစရိတ်နဲ့ ခုနလို ကျန်းမာရေးအပိုင်းတွေ၊ ပညာရေးအပိုင်းတွေ အထွေထွေအသုံးစရိတ်ပိုင်းတွေနဲ့ တွက်မယ်ဆိုရင်တော့ ၈၀၀၀၊ ၈၅၀၀ လောက်မှ သူတို့တတွေ အဆင်ပြေကြလိမ့်မယ်လို့ ကျနော်တို့တွေက တွက်ချက်ရရှိတယ်။ ဒါပေမယ့် လုပ်ငန်းရှင်တွေကတော့ ပေးနိုင်ချင်မှ ပေးနိုင်မှာပါ။ “ကျနော်တို့ကတော့ ဒေတာကောက်လို့ရတဲ့အချက်တွေကိုပဲ ရှင်းပြတာပေါ့။ အဲဒီပေါ်မှာ ကျနော်တို့က ဒေတာလည်း ကောက်ပြီးသွားပါပြီ။ အခြေအနေကိုလည်း ကျနော်တို့က သုံးသပ်ပြီးတော့ ရန်ကုန်တိုင်းပြည်သူ့လွှတ်တော်မှာ ကျနော်ရယ်။ ဥက္ကဋ္ဌ ဦးအောင်လင်းရယ် တက်ပြီးတော့ ပြည်သူ့လွှတ်တော်မှာ အတိအလင်းပဲ ကျနော်တို့ တင်ပြပြီးသွားပါပြီ။ အဲဒီအချိန်မှာ အလုပ်သမားရယ်၊ အလုပ်ရှင်ရယ်၊ အစိုးရရယ် ၃ ပွင့်ဆိုင်က၊ လုပ်ငန်းရှင်တွေဘက်ကလည်း ၅ ထောင်နဲ့ အထက်ဆိုလို့ရှိရင်လည်း နည်းနည်းများနေတာတို့၊ ၄ ထောင်လောက်တော့ လျော့ပါတို့။  အဲဒီလောက်ဆို သူတို့လည်း အဆင်ပြေနိုင်တယ်ပေါ့။ ဒါက တချို့သောအလုပ်ရှင်ပေါ့။ တချို့သောအလုပ်ရှင်ကတော့ ၄ ထောင်လည်း အဆင်မပြေဘူးပေါ့။ သူတို့က နေဖို့လည်းပေးထားတယ်။ စားဖို့လည်းပေးထားတယ်။ အလုပ်သမားတွေက ဘာလိုသေးလဲပေါ့။ အဲဒါမျိုး ကိုယ်ချင်းစာတရား နည်းနည်းနည်းတဲ့ အလုပ်ရှင်တွေလည်း ရှိပါတယ်။ သူတို့က လုပ်ငန်းရှင် ဖြစ်တဲ့အတွက် သူတို့ ကုန်ထုတ်လုပ်မှုနဲ့ ပတ်သက်လို့ တတ်နိုင်သလောက် အမြတ်အစွန်းကို အထိခိုက်မခံဘဲ အပြည့်အ၀ လိုချင်မှာပေါ့။ ဒါကတော့ ကုမ္ပဏီကြီးတည်ထောင်တယ်ဆိုတာ အလုပ်လုပ်တယ်ဆိုတာ အမြတ်ကြီးကြီး လိုချင်လို့ ကုမ္ပဏီ ထူထောင်တာပဲလေ။ အလုပ်သမားတွေကို ပေးလိုက်လို့ သူတို့ အမြတ်လျော့နည်းသွားမှာတော့ သူတို့စိတ်ထဲမှာ သိပ်တော့ လိုလားမှု မရှိဘူးပေါ့။” “သို့သော် အခြေအနေ အချိန်အခါနဲ့ နိုင်ငံတော်ကနေပြီးတော့ အခုလို အောက်ခြေကို ဆင်းပြီးတော့ သတ်သတ်မှတ်မှတ်နဲ့ သေချာ စနစ်တကျ လုပ်ပေးမယ်ဆိုရင် တော့ သူတို့လည်း ငြင်းလို့တော့ ရမှာ မဟုတ်တော့ပါဘူး။ ဒါကလည်း ဥပဒေတွေ၊ နည်းဥဒေတွေ သတ်မှတ်ပြီးတော့မှ အနိမ့်ဆုံးလစာကို သတ်မှတ်မယ်ဆိုတော့ သူတို့လည်း မငြင်းတော့ပါဘူး။ အဲဒီထဲမှာလည်း ထောင်ဒဏ်တွေ ထည့်ထားတယ်ဆိုတော့ သူတို့ ငြင်းမှာ မဟုတ်ဘူး။ အဲဒါကြောင့်မို့ ကျနော်တို့က နိုင်ငံတော်ကို အထူးတလည် အားကိုးပါတယ်လို့။ ခုလို အနိမ့်ဆုံးလစာကို အမြန်ဆုံး ဆောင်ရွက်ပေးပြီး အတိကျအမှန်ကန်ဆုံးနဲ့ အလုပ်သမားတွေပေါ်မှာ ကြည့်ပေးပါပေါ့။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up