သြစတြေးလျတွင် ဆိုင်ကလုန်းမုန်တိုင်း ၂ ခု ၀င်ရောက်

1.1K
သြစတြေးလျနိုင်ငံ အရှေ့မြောက်ပိုင်းနဲ့ မြောက်ပိုင်းပြည်နယ်တွေမှာ တချိန်တည်း ဆိုင်ကလုန်း မုန်တိုင်း ၂ ခု ၀င်ရောက်နေတာကြောင့် နိုင်ငံအရှေ့ပိုင်း ကွင်းစ်စလန်း(Queensland) ပြည်နယ်နဲ့ မြောက်ပိုင်းဒေသတွေမှာ မိုးသက်လေပြင်းတွေ ကျရောက်နေပါတယ်။
နိုင်ငံအရှေ့မြောက်ပိုင်းမှာ မာစီယာ(Marcia) ဆိုင်ကလုန်းမုန်တိုင်းဟာ ကွင်းစ်စလန်းပြည်နယ် ကမ်းရိုးတန်းတလျှောက် ရွေ့လျားနေပြီး ၁ နာရီကို လေတိုက်နှုန်း ၁၂၅ မိုင်နှုန်းရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ညကတော့ မာစီယာမုန်တိုင်းကို အဆင့် ၅ သတ်မှတ်ခဲ့ပေမယ့် မနက်ပိုင်းမှာတော့ အဆင့် ၄ ကို ပြောင်းလဲ သတ်မှတ်ခဲ့တယ်။
မြောက်ပိုင်းဒေသမှာတော့ လန်းမ်(Lam) အမည်ရ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်နေပြီး မြောက်ပိုင်းကျွန်းတွေမှာ ပျက်စီးဆုံးရှုံးမှုတွေ ရှိတယ်လို့ ဒေသခံသတင်းတွေမှာ ဖော်ပြပါတယ်။
ဝန်ကြီးချုပ် တိုနီအဘတ်က မုန်တိုင်းဒေသတွေကို ကယ်ဆယ်ရေး အစွမ်းကုန် လုပ်ဆောင်သွားမှာ ဖြစ်ပြီး ကယ်ဆယ်ရေးအစီအစဉ်တွေအားလုံးလည်း စနစ်တကျနဲ့ အဆင်သင့် ဖြစ်နေပြီလို့ ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ နွေရာသီကာလကလည်း အခက်ခဲဆုံးအချိန်တွေကို ပြဿနာကြီးကြီးမားမားမရှိပဲ ကျော်ဖြတ်နိုင်ခဲ့ပြီး အခုတခါ မုန်တိုင်းတွေကိုလည်း လူအထိအခိုက် သေဆုံးမှုမရှိဘဲ ဖြတ်သန်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ၀န်ကြီးချုပ်က ပြောဆိုပါတယ်။
လက်ရှိအချိန်အထိ ဒီမုန်တိုင်းတွေကြောင့် လူထိခိုက်သေဆုံးမှု မရှိသေးပေမယ့် ဒေသခံပြည်သူတွေ မုန်တိုင်း အားပျော့သွားချိန်အထိ အိမ်ထဲမှာပဲ လုံလုံခြုံခြုံနေကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။