အပစ်ရပ်ရေး ကုလစောင့်ကြည့်ရန် ယူကရိန်းတောင်းဆိုမှု ရုရှား ပယ်ချ

ယူကရိန်းအရှေ့ပိုင်း အပစ်အခတ်ရပ်စဲရေးကို ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းသူတွေ စောင့်ကြည့်ဖို့ ယူကရိန်းရဲ့ တိုက်တွန်းချက်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၉ ရက်နေ့က ပယ်ချလိုက်ပါတယ်။
ငြိမ်းချမ်းရေးထိန်းသိမ်းမှုအဖွဲ့ရဲ့ လိုအပ်ချက်နဲ့ ပတ်သက်ပြီး မွန်းလွဲပိုင်း သတင်းစာ ရှင်းလင်းပွဲအတွင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ပါဗလို ကလင်မ်ကင်က ပြောလိုက်တာပါ။
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ပါဗလို ကလင်မ်ကင်က “မင့်ခ်စ်မြို့ သဘောတူညီချက်ကို အကောင်အထည်ဖော်ရာမှာ ငြိမ်းချမ်းရေးထိန်းသိမ်းသူတွေက အကြီးအကျယ် အကူအညီ ပြုလိမ့်မယ်။ တကယ့်ကို အာမခံမယ့်သူတွေ ကျနော်တို့ လိုအပ်တယ်။ အခု ကျနော်တို့တွေ ဂျေဘာဆာ့ဗ်ဒေသမှာ သာမကဘဲ ဒန်ညက်စ်နဲ့ လူဟန့်စ်မြို့တွေမှာပါ အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုတွေ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ အဆက်မပြတ် တိုက်ခိုက်မှုတွေထဲမှာ ကျရောက်နေတယ်” လို့ မြို့တော် ကိယက်ဗ်မှာ သတင်းထောက်တွေကို ပြောပါတယ်။
ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အလက်ဇန်းဒါး လူကာရှီဗစ်ခ်ျကေ “မင့်ခ်စ် သဘောတူညီချက်တွေ အကောင်အထည်ဖော်ဖို့ ယူကရိန်းအစိုးရနဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေမှာ တာဝန်ရှိတယ်” လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ရုရှားသမ္မတဟာ အရင်က ဆိုဗီယက်လက်အောက်ခံဖြစ်ပြီး အခု နေတိုးမဟာမိတ် ဖြစ်နေတဲ့ အက်စတိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူယေးနီးယားနိုင်ငံတွေကို တကယ့်အန္တရာယ်အဖြစ် ခြိမ်းခြောက်နေတဲ့အတွက် နေတိုးက ရန်လိုမှုတွေကို တုံ့ပြန်ဖို့ အသင့်ရှိနေတယ်လို့ ပြောခဲ့တဲ့ ဗြိတိန် ကာ ကွယ်ရေးဝန်ကြီး မစ်ရှယ်ဖယ်လွန်ရဲ့ ကြေညာချက်ကိုလည်း ရုရှားက ဝေဖန်လိုက်ပါတယ်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီးရဲ့ ကြေညာချက်ဟာ သံတမန်ကျင့်ဝတ်ကို ကျော်လွန်နေပြီး ရုရှားပြည်ထောင်စုအပေါ် သူ့မှတ်ချက်ဟာ လုံးဝ သည်းမခံနိုင်စရာ စရိုက်လက္ခဏာပဲလို့ သူက ဆက်ပြောပါတယ်။
ဒါဟာ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အမေရိကန်သမ္မတ အိုဘားမားက ပြောခဲ့တဲ့ မိန့်ခွန်းကို သတိရစေတယ်လို့လည်း ပြောပါတယ်။
ရုရှားဟာ ကရိုင်းမီးယားနဲ့ ယူကရိန်းအရှေ့ပိုင်း မတည်ငြိမ်အောင် လုပ်နေကျ ဗျူဟာတွေ အတိုင်း အဲဒီ ၃ နိုင်ငံအပေါ် ကျင့်သုံးမယ့် အန္တရာယ်ရှိတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ပြောတဲ့အကြောင်း တိုင်းမ်နဲ့ ဒေးလီး တယ်လီဂရပ်ဖ် သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။
ဒါအပြင် ရုရှားက လေကြောင်းလှုပ်ရှားမှုတွေ တိုးလာနေလို့ စိုးရိမ်မှုတွေ မြင့်နေတယ်လို့လည်း ဖယ်လွန်က ပြောခဲ့ပါသေးတယ်။
အရင်နေ့က အင်္ဂလန်တောင်ဘက် ကမ်းရိုးတန်းကို ရုရှားရဲ့ တာဝေးမောင်း Bear bombers ဗုံးကြဲလေယာဉ် ၂ စီး ပျံသန်းလာခဲ့လို့ တော်ဝင်လေတပ်က တန်ပြန်ပျံသန်းခဲ့ရတယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။