လစ်ဗျားအာဏာပိုင်တွေက ဒါဇင်နဲ့ချီတဲ့ တရားမ၀င် အီဂျစ်နိုင်ငံသားတွေကို နေရပ်ပြန်ပို့မယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ပြောပါတယ်။
သင့်တော်တဲ့ စာရွက်စာတမ်းမပါတဲ့ အီဂျစ်အမျိုးသား ၆၂ ယောက်ကို တူနီးရှားနဲ့ လစ်ဗျား၂ နိုင်ငံကြား နယ်စပ် ဖြတ်ကူးရေးစခန်းဆီ ပို့ပြီးပြီလို့လည်း ဆိုပါတယ်။
သူတို့ကို ထိန်းသိမ်းထားတဲ့ မစ်ရာတာမြို့က တရားမဝင် ရွှေ့ပြောင်းလုပ်သားဆိုင်ရာ ဌာနအကြီးအကဲကတော့ အီဂျစ်ငါးဖမ်းသမား ၇ ယောက်ကိုလည်း ပြန်ပို့ပြီးပြီလို့ ပြောပါတယ်။
လစ်ဗျားအစိုးရက အီဂျစ်ငါးဖမ်းသမား ၂၁ ယောက်ကို အရင်အပတ်က မစ်ရာတာမြို့မှာ ဖမ်းမိတယ်လို့ အီဂျစ်မီဒီယာက အစီရင်ခံပါတယ်။ ဒါပေမယ့် တရားမဝင် အစီရင်ခံစာတွေတော့ သူတို့ကို ပြန်လွှတ်ပြီးပြီလို့ ဆိုပါတယ်။
နိုင်ငံတွင်းစီးပွားရေးအလားအလာ မှေးမှိန်နေလို့ အီဂျစ်လူငယ်တွေ လစ်ဗျားမှာ အလုပ်လာရှာကြတာပါ။
လစ်ဗျားနိုင်ငံတွင်း တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေပြီး လက်နက်ကိုင်အုပ်စု တွေကလည်း အချင်းချင်း တိုက်ခိုက်နေတာပါ။ ဒါဇင်နဲ့ချီတဲ့ အီဂျစ်လူမျိုးတွေလည်း ပြန်ပေးဆွဲခံခဲ့ရပါတယ်။
အီဂျစ်အစိုးရက ဒေသတွင်း အန္တရာယ်အရှိဆုံး နိုင်ငံတွေထဲက တခုအဖြစ် လစ်ဗျားကို မသွားဖို့ အကြံပြု ထားပေမယ့် ၂၀၁၁ ခုနှစ်တည်းက ထောင်နဲ့ချီတဲ့ အီဂျစ်တွေ လစ်ဗျားကို သွားခဲ့ကြတာပါ။
[caption id="attachment_82408" align="aligncenter" width="537"]

အီဂျစ်နိုင်ငံသားများကို အိုင်အက်စ်က မသတ်ဖြတ်မီ တွေ့ရစဉ်[/caption]
အရင် သီတင်းပတ်ကတော့ အီဂျစ်ခရစ်ယာန် ၂၁ ယောက် ခေါင်းဖြတ်ခံရအပြီး လစ်ဗျားမှာ အလုပ်လုပ်နေတဲ့ အီဂျစ်နိုင်ငံသားတွေ အမိနိုင်ငံကို ပြန်ကြဖို့ ဆော်သြခဲ့ပါတယ်။
အီဂျစ်အမျိုးသား ၂၁ ယောက်ကို ကမ်းခြေဆီ အတင်းခေါ်သွား ဒူးထောက်ခိုင်းပြီးမှ ခေါင်းဖြတ်ခဲ့တဲ့ ရုပ်သံကို အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(အိုင်အက်စ်)စစ်သွေးကြွတွေက အင်တာနက်စာမျက်နှာပေါ်မှာ ဖြန့်ချိခဲ့တာပါ။