Rafale တိုက်လေယာဉ်များ ၀ယ်ယူရေး မတ်လကုန်မှ ဆုံးဖြတ်မည်ဟု အိန္ဒိယပြော

1.8K
ပြင်သစ်နိုင်ငံက ရာဖေး (Rafale) တိုက်လေယာဉ် ၁၂၆ စီးဝယ်ယူရေးကိစ္စကို မတ်လလွန်မှ ဆုံးဖြတ်မယ်လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးက ဖေဖော်ဝါရီ ၁၈ ရက်နေ့က ပြောပါတယ်။
ပြင်သစ်နိုင်ငံထုတ် ရာဖေး တိုက်လေယာဉ်တွေဝယ်ယူရေးကို ၂၀၁၂ ခုနှစ်ကတည်းက စီစဉ်လာခဲ့တာဖြစ်ပြီး အမေရိကန်၊ အီးယူ နဲ့ ရုရှားနိုင်ငံတွေရဲ့ အပြိုင်ကမ်းလှမ်းချက်တွေထဲက ရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။
အစက အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံဖိုးပဲ စာချုပ်ချုပ်မယ်လို့ ပြောဆိုခဲ့ပေမယ့် အခုတော့ ဘီလီယံ ၂၀ ဖိုးအထိဝယ်ယူမယ်လို့ ဆိုပါတယ်။ ဘယ်တော့ နောက်ဆုံးထား ဆုံးဖြတ်မယ်ဆိုတာလည်း အိန္ဒိယကာကွယ်ရေးဝန်ကြီးက ပြောဆိုခြင်းမရှိပါဘူး။
တိုက်လေယာဉ် ၁၂၆ စီးထဲက ၁၈ စီးပဲ ပြင်သစ်လေယာဉ်ကုမ္ပဏီ ဒက်စ်ဆော့ (Dassault) ကနေ တိုက်ရိုက်ဝယ်ယူလိုတာဖြစ်ပြီး ကျန်အစီးတွေကို အိန္ဒိယနိုင်ငံမှာပဲ ထုတ်လုပ်ချင်တာပါ။
Dassault ကုမ္ပဏီကတော့ အိန္ဒိယနိုင်ငံထဲမှာ ထုတ်လုပ်မယ့် လေယာဉ်တွေအတွက် အာမခံဘူးလို့ ပြောဆိုနေတာကြောင့် ဒီတိုက်လေယာဉ်ဝယ်ယူရေး အချောမတတ်နိုင်ပဲ ဖြစ်နေတာပါ။
အိန္ဒိယနိုင်ငံရဲ့ ၁၀ ကြိမ်မြောက်လေကြောင်းပြပွဲကို နိုင်ငံတောင်ပိုင်းက Yelahanka လေတပ်အခြေစိုက်စခန်းမှာ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ကျင်းပခဲ့ပြီး လာမယ့်နှစ်တွေမှာ အိန္ဒိယပြည်တွင်းထုတ် စစ်သုံးပစ္စည်းတွေကို ဦးစားပေးထုတ်လုပ်သွားဖို့ ၀န်ကြီးချုပ်မိုဒီက တိုက်တွန်းခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဟာ ဒေသတွင်းပြိုင်ဘက်ဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ စစ်သုံးပစ္စည်း အဆင့်မြှင့်တင်ရေး အမီလိုက်နေရတာပါ။
လက်ရှိမှာ ၁၉၆၀ နဲ့ ၁၉၈၀ နှစ်တွေက တင်သွင်းတဲ့ ဆိုဗီယက်စစ်ပစ္စည်းတွေပေါ်မှာပဲ အဓိကအားထားနေရတာလည်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ စစ်သုံးပစ္စည်း အတင်သွင်းဆုံးနိုင်ငံဖြစ်ပါတယ်။
လာမယ့်နှစ်တွေမှာ လက်ရှိအိန္ဒိယကာကွယ်ရေးသုံးစစ်ပစ္စည်းတွေကို အဆင့်မြှင့်ဖို့နဲ့ ပြည်တွင်းထုတ်စစ်သုံးပစ္စည်းပေါ်မှာပဲ အဓိက အားထားဖို့ အိန္ဒိယနိုင်ငံက ဦးတည်ကြိုးပမ်းနေပါတယ်။