A d v e r t i s e m e n t With Us

ထိုင်းဝန်ကြီးချုပ်ဟောင်းကို ဆန်အမတော်ကြေးကိစ္စဖြင့် စွဲချက်တင်

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ကို ဆန်အမတော်ကြေးကိစ္စနဲ့ပတ်သက်ပြီး အစိုးရရှေ့နေချုပ်က ဒီနေ့ စွဲချက်တင်လိုက်ပါတယ်။ ယင်လပ်ဟာ တာဝန်ပေါ့လျော့မှုအတွက် စွဲချက်တင်ခံရပြီး ပြစ်မှုထင်ရှားရင် ထောင် ၁၀ နှစ်အထိ ကျခံရနိုင်ပါတယ်။ ယင်လပ်အစိုးရရဲ့ ဒီအငြင်းပွားဖွယ် ဆန်အမတော်ကြေးကိစ္စကြောင့် ထိုင်းဘဏ္ဍာငွေ ဘတ်ငွေ ဘီလီယံ ၆၀၀ ဆုံးရှုံးမှုမှာ တာဝန်ရှိတယ်လို့လည်း အဂတိတိုက်ဖျက်ရေးအေဂျင်စီက ပြောဆိုပါတယ်။ လာမယ့် မတ်လ ၁၉ ရက်နေ့မှာ ဥပဒေကြောင်းအရ ဆက်လက်အရေးယူဖို့ ဗဟိုတရားရုံးက ဆုံးဖြတ်မှာလည်းဖြစ်ပါတယ်။ ဆန်အမတော်ကြေးကိစ္စမှာ ထိုင်းအစိုးရက အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံခွဲလောက် ဆုံးရှုံးခဲ့ရတဲ့အတွက်လည်း အရေးယူဖို့ အဂတိတိုက်ဖျက်ရေး အေဂျင်စီက ဘဏ္ဍာရေးဝန်ကြီးဌာနကို ဖေဖော်ဝါရီ ၁၈ ရက်နေ့က တိုက်တွန်းစာ ပေးပို့ခဲ့ပါတယ်။ ယင်လပ်ကို ဆန်အမတော်ကြေးကိစ္စနဲ့ ရုံးတင်ဖို့ လွှတ်တော်က ပြီးခဲ့တဲ့လက မဲခွဲဆုံးဖြတ်ခဲ့ပြီး နိုင်ငံရေးလုပ်ခွင့် ၅ နှစ်လည်း ပိတ်ပင်ခဲ့ပါတယ်။ ယင်လပ်အစိုးရဟာ လယ်သမားတွေဆီက ဆန်ကို အဆမတန် ဈေးမြှင့်ပေးဝယ်ယူခဲ့ပြီး ကမ္ဘာ့ဆန်ဈေးအကျမှာ အရှုံးခံမရောင်းနိုင်ခဲ့ဘဲ ထိုင်းဆန်တွေ ပြည်တွင်းမှာ ပုံခဲ့တာပါ။ အဲ့လို ဆန်ကို အဆမတန်ဈေး ပေးဝယ်ခဲ့တာဟာ ထိုင်းလယ်သမားတွေဆီက ထောက်ခံမှုရအောင် မဲဆွယ်တာဖြစ်တယ်လို့ အတိုက်အခံတွေက စွပ်စွဲကြပြီး ယင်လပ်ကတော့ ငြင်းဆန်ပါတယ်။ ၀န်ကြီးချုပ်ဟောင်းယင်လပ်နဲ့ အစ်ကိုဖြစ်သူ သက်ဆင်တို့ကို ကျေးလက်နေပြည်သူတွေက တခဲနက်ထောက်ခံကြပေမယ့် မြို့နေပညာတတ်နဲ့ ချမ်းသားတဲ့အသိုင်းအ၀ိုင်းတွေကတော့ အဂတိလိုက်စားသူတွေလို့ စွပ်စွဲကြတာပါ။

A d v e r t i s e m e n t With Us

More News
Up