A d v e r t i s e m e n t With Us

ငွေကြေးခ၀ါချမှုစွဲချက်ဖြင့် ဆွဇ်ဇာလန်ဘဏ်ခွဲကို ရှာဖွေ

ဗြိတိန်နိုင်ငံအခြေစိုက် HSBC ဘဏ်ကြီးရဲ့ ဆွစ်ဇာလန်ဘဏ်ခွဲကို ငွေကြေးခ၀ါချမှုဆိုင်ရာ စွဲချက်နဲ့ ဆွစ်ဇာလန်အစိုးရရှေ့နေတွေက ဖေဖော်ဝါရီ ၁၈ ရက်နေ့က ၀င်ရောက်ရှာဖွေခဲ့ကြပါတယ်။ ဆွစ်ဇာလန်ဘဏ်ခွဲကိုရော၊ ဒီငွေကြေးခ၀ါချမှုမှာ အဓိကတာဝန်ရှိသူတွေကိုပါ စုံစမ်းမယ်လို့ ဆွစ်ဇာလန်အစိုးရရှေ့နေတွေက ဆိုပါတယ်။ ငွေကြေးခ၀ါချမှုမှာ ကိုယ်တိုင်ပါဝင်သူတွေကိုလည်း လိုက်လံစုံစမ်းဖော်ထုတ် အရေးယူမှာ ဖြစ်ပြီး ပြစ်မှုထင်ရှားရင် ဒဏ်ငွေနဲ့ ထောင်ဒဏ် ၅ နှစ်အထိ ကျခံနိုင်တယ်လို့ ဆိုပါတယ်။ HSBC ဆွစ်ဇာလန်ဘဏ်ခွဲက ချမ်းသာတဲ့ဘဏ်ဖောက်သည်တွေကို အခွန်ရှောင်ဖို့ ကူညီပေးတယ်လို့ ပြီးခဲ့တဲ့တပတ်က သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ကြတာပါ။ ဘဏ်ကတော့ အခုလို လူသိရှင်ကြားကိစ္စ ပေါ်ပေါက်ခဲ့မှုအပေါ်ဘဏ်ငွေအပ်နှံသူတွေကိုရော၊ ဘဏ်နဲ့ ရင်းနှီးမြှုပ်နှံသူတွေကိုပါ တောင်းပန်ခဲ့ပြီး ဘဏ်လုပ်ထုံးလုပ်နည်းတွေကိုလည်း ပြင်ဆင်ပြီး ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ရှေ့နေချုပ် Olivier Jornot က “လောလောဆယ် ဘဏ်အချက်အလက်တွေကို စုဆောင်းနေပြီး ပြီးတာနဲ့ သေချာ စိစစ်မယ်။ အခုတော့ ဘာကိုမှ အတိအကျမပြောနိုင်သေးပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။ HSBC ဆွစ်ဇာလန်ဘဏ်ခွဲအပြင်၊ အမေရိကန်၊ ပြင်သစ်၊ ဘယ်ဂျီယမ်နဲ့ အာဂျင်တီးနားနိုင်ငံ ဘဏ်ခွဲတွေမှာပါ စုံစမ်းစစ်ဆေးနေပြီး ရုံးချုပ်အခြေစိုက်တဲ့ ဗြိတိန်နိုင်ငံမှာတော့ စစ်ဆေးမှု မရှိသေးပါဘူး။ HSBC ကတော့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ ပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up