အိုင်အက်စ်ချေမှုန်းရေး လက်နက်ပိတ်ပင်မှု ရုပ်သိမ်းပေးရန် လစ်ဗျားတောင်းဆို

1.2K
လစ်ဗျားအခြေစိုက် အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်တွေကို တိုက်ခိုက်ရေးအတွက် လစ်ဗျားနိုင်ငံအပေါ် လက်နက်ပိတ်ပင်ထားမှုတွေ ပြန်ရုပ်သိမ်းပေးဖို့ လုံခြုံရေးကောင်စီကို လစ်ဗျားနိုင်ငံက ဖေဖော်ဝါရီ ၁၈ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
[caption id="attachment_82331" align="aligncenter" width="567"]
လစ်ဗျားနိုင်ငံခြားရေးဝန်ကြီး (ဓာတ်ပုံ - ရိုက်တာ)[/caption]
လက်နက်ပိတ်ပင်မှုကို ဖယ်ရှားပေးမှ လစ်ဗျားတပ်မတော်ကို ပြန်တည်ဆောက်နိုင်မှာ ဖြစ်ပြီး အကြမ်းဖက်စစ်ဆင်ရေးလုပ်နိုင်မယ်လို့ လစ်ဗျားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဒေးရိုင် ( Mohamed Dayri) က လုံခြုံရေးကောင်စီမှာ ပြောဆိုခဲ့တာပါ။
[caption id="attachment_82332" align="aligncenter" width="567"]
အီဂျစ်နိုင်ငံခြားရေးဝန်ကြီး[/caption]
လစ်ဗျားနိုင်ငံရဲ့ တောင်းဆိုမှုကို အီဂျစ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ကလည်း ထောက်ခံခဲ့ပါတယ်။
၂၀၁၁ ခုနှစ် လစ်ဗျားတော်လှန်ရေး စခဲ့ချိန်ကတည်းက လစ်ဗျားနိုင်ငံမှာ ရောင်စုံသူပုန်တွေက သူနယ်နဲ့သူ ထိန်းချုပ်ထားကြတာပါ။
သူပုန်တွေအချင်းချင်းတိုက်ခိုက်မှုအရှိန်ကလည်း အခုနောက်ပိုင်းလတွေအတွင်း မြင့်လာခဲ့ပြီး ဒီသူပုန်တွေဟာ အိုင်အက်စ်အစွန်းရောက်တွေနဲ့ ပေါင်းမိသွားမှာကို အီဂျစ်နဲ့ ဒေသတွင်းနိုင်ငံတွေက စိုးရိမ်နေကြတာပါ။
လစ်ဗျားနိုင်ငံခြားရေးဝန်ကြီးကတော့ “လစ်ဗျားအခြေစိုက် အိုင်အက်စ်ပြဿနာကို ရင်ဆိုင်ဖို့ လစ်ဗျားနိုင်ငံဟာ နိုင်ငံတကာရဲ့ ပြတ်သားတဲ့ ရပ်တည်ချက် လိုအပ်တယ်။ ဒီလိုမှ မဟုတ်ရင် လစ်ဗျားနိုင်ငံဟာ အကြမ်းဖက်သမားတွေ လက်အောက်ကို ကျရောက်သွားနိုင်တယ်” လို့ ပြောဆိုပါတယ်။
လစ်ဗျားနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က အာဏာရှင် ကဒါဖီ ဖြုတ်ချခံရချိန်ကတည်းက လက်နက် ပိတ်ပင်ခံထားရတာပါ။
အီရတ်နဲ့ ဆီးရီးယားက အိုင်အက်စ်တွေကို နိုင်ငံတကာက လေကြောင်းက ၀င်ရောက် တိုက်ခိုက်ပေးသလို လစ်ဗျားအိုင်အက်စ်တွေကိုလည်း ၀င်ရောက် အရေးယူဖို့ အီဂျစ်နဲ့ လစ်ဗျားနိုင်ငံက ကုလသမဂ္ဂမှာ တောင်းဆိုခဲ့ကြပါသေးတယ်။
လက်ရှိအခြေအနေမှာ လစ်ဗျားနိုင်ငံကို လက်နက်တင်ပို့မှု ပိတ်ပင်ထားတာကို ရုပ်သိမ်းပေးလိုက်ရင် လက်နက်တွေဟာ အိုင်အက်စ်လို အစွန်းရောက်တွေ လက်ထဲရောက်ရှိကုန်မယ်လို့လည်း အနောက်နိုင်ငံတွေက ယုံကြည်နေကြတာပါ။