ပြီးခဲ့တဲ့လက အာဂျင်တီးနားအစိုးရရှေ့နေ အယ်လ်ဘတ်တို နစ်မန်း (Alberto Nisman) သေဆုံးခဲ့ပြီး ၁ လပြည့်ခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့က အာဂျင်တီးနားပြည်သူတွေက အမှုကို လွတ်လပ်တဲ့ကော်မရှင်နဲ့ အပြည့်အ၀ စုံစမ်းပေးဖို့ ဆန္ဒပြတာင်းဆိုခဲ့ကြပါတယ်။
[caption id="attachment_82313" align="aligncenter" width="567"]

အာဂျင်တီးနားပြည်သူများ ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ - ရိုက်တာ)[/caption]
ဗျူးနိုအေးရီမြို့တော်မှာ ကျင်းပခဲ့တဲ့ ဒီဆန္ဒပြပွဲကို အာဂျင်တီးနား ပြည်သူ သိန်းချီ တက်ရောက်ခဲ့ပြီး သမ္မတ ခရစ္စတီးနား ဖာနန်ဒက်ဇ် (Cristina Fernandez) ရဲ့ ၇ နှစ်ကြာ သက်တမ်းအတွင်း အကြီးဆုံးလူထုဆန္ဒပြပွဲကြီး ဖြစ်ပါတယ်။
ဒီဆန္ဒပြပွဲကို ဗဟိုအစိုးရရှေ့နေတွေနဲ့ အယ်လ်ဘတ်တို နစ်မန်းရဲ့ မိသားစုဝင်တွေက ဦးဆောင်စီစဉ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၈ ရက်နေ့က နစ်မန်း သေဆုံးခဲ့မှုဟာ မိမိကိုယ်ကိုယ် လုပ်ကြံမှုလား၊ တစုံတယောက်ရဲ့ သတ်ဖြတ်ခံရတာလားဆိုတာ အခုချိန်ထိ မရှင်းလင်းသေးပါဘူး။
၁၉၉၄ ခုနှစ်က အာဂျင်တီးနားနိုင်ငံ မြို့တော်က ဂျူးလူမှုရေးစင်တာတခု ဗုံးပေါက်ကွဲမှုမှာ အီရန်နိုင်ငံက နောက်ကွယ်ကနေ ပါဝင်ခဲ့ပြီး သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးက ဒီအမှုကို ဖုံးကွယ်ပေးနေတယ်လို့ မကွယ်လွန်ခင်က နစ်မန်းက စွပ်စွဲခဲ့တာပါ။
နစ်မန်းက ဒီအမှုကို လွှတ်တော်မှာ ဖွင့်ချပြဖို့ နာရီပိုင်းအလို ခေါင်းမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။ နိုင်ငံတ၀န်း အလားတူဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပြီး စပိန်၊ ပြင်သစ်၊ အစ္စရေးနဲ့ တခြားနိုင်ငံတွေက အာဂျင်တီနားနိုင်ငံသားတွေလည်း ဒီဆန္ဒပြပွဲမှာ ပါဝင် တောင်းဆိုခဲ့ကြပါတယ်။
အစိုးရရှေ့နေ နစ်မန်းဟာ လေးစားဂုဏ်ယူထိုက်သူတဦး ဖြစ်ပြီး ဒီအမှုကို ဆက်လက်စုံစမ်းဖော်ထုတ်နေသူ ရှေ့နေတွေကိုလည်း ထောက်ခံအားပေးပါတယ်လို့ ဆန္ဒပြသူတဦးက ပြောဆိုခဲ့ပါတယ်။
သမ္မတ ခရစ္စတီနား ဖာနန်ဒက်ဇ်ကတော့ နစ်မန်းသေဆုံးမှုဟာ မိမိကိုယ်ကိုယ် လုပ်ကြံမှုမဟုတ်ဘူးလို့ ထင်မြင်ကြောင်း ပြောဆိုပြီး အဲ့ဒီနောက် အာဂျင်တီးနား ထောက်လှမ်းရေးတဖွဲ့လုံးကိုလည်း ဖျက်သိမ်းမယ်လို့ ကြေညာခဲ့တာပါ။
ဒီဆန္ဒပြပွဲဟာ အစိုးရကို နိုင်ငံရေးအရ ဖိအားပေးတိုက်ခိုက်မှုဖြစ်တယ်ဆိုပြီး အစိုးရအာဏာပိုင်တွေက ရှုတ်ချပါတယ်။
ဂျူးလူမှုရေးစင်တာ ဗုံးပေါက်ကွဲမှုကို ဖုံးကွယ်ဖို့ ကြိုးစားမှု ဆိုတာကိုရော၊ နစ်မန်းရဲ့ သေဆုံးမှုမှာ အစိုးရနောက်ကွယ်က ပါဝင်တယ်ဆိုတာကိုရော ခရစ္စတီနား ဖာနန်ဒက်ဇ်အစိုးရက ငြင်းဆန်ပါတယ်။