ကမ္ဘာပေါ်တွင် အာဖဂန်စစ်ပွဲ အရပ်သားသေဆုံးမှု အများဆုံးဖြစ်

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က အာဖဂန်နစ္စတန်စစ်အတွင်း အရပ်သား ထိခိုက်သေဆုံးမှုဟာ အရင်တနှစ်ကထက် ၂၂ ရာခိုင်နှုန်း မြင့်တက်လာပြီး စတင်မှတ်တမ်းတင်ခဲ့တဲ့ ၂၀၀၉ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂက ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မနှစ်က အာဖဂန်စစ်ပွဲအတွင်း ထိခိုက်သေဆုံးသူ ၁ သောင်းကျော်ခဲ့ပြီး ကမ္ဘာပေါ်မှာ အရပ်သားသေဆုံးမှုအများဆုံး စစ်ပွဲလည်း ဖြစ်တယ်လို့ အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်က ပြောဆိုပါတယ်။
အရင်နှစ်တွေက လမ်းဘေးထောင်ဗုံးတွေကြောင့် အရပ်သားသေဆုံးမှု အများဆုံးဖြစ်ခဲ့ပေမယ့် ၂၀၁၄ ခုနှစ်မှာတော့ နှစ်ဖက်တိုက်ပွဲတွေကြား အရပ်သားသေဆုံးမှု အများဆုံး ဖြစ်လာတာပါ။
ထိခိုက်သေဆုံးသူ ၁ သောင်းကျော်ထဲမှာ ကလေးထိခိုက်သေဆုံးမှုက ၂၇၀၀ ကျော်နဲ့ ၄၀ ရာခိုင်နှုန်း၊ အမျိုးသမီးထိခိုက်သေဆုံးမှုကတော့ ၉၀၀ ကျော်နဲ့ ၂၁ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဒါရိုက်တာ Georgette Gagnon က ပြောပါတယ်။
အာဖဂန်နစ္စတန်မှာ ၁၃ နှစ်ကြာတပ်စွဲခဲ့တဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ ရုပ်သိမ်းခဲ့တဲ့ ၂၀၁၄ ဒီဇင်ဘာလကတော့ ၁ လတည်းနဲ့ အရပ်သား ၅၀၀ ကျော် သေဆုံးခဲ့ပါတယ်။
တာလီဘန်တွေကတော့ သူတို့တွေကြောင့် အရပ်သားတွေ သေဆုံးရတယ်ဆိုတာကို ငြင်းဆန်ပြီး ကုလသမဂ္ဂရဲ့ စာရင်းတွေဟာ ဘက်လိုက်တယ်လို့ ပြောပါတယ်။
အရပ်သားထိခိုက်သေဆုံးမှုတွေမှာ တာလီဘန်နဲ့ မဟာမိတ်တွေကြောင့် ၇၂ ရာခိုင်နှုန်း၊ အာဖဂန်စစ်တပ်ကြောင့် ၁၄ ရာခိုင်နှုန်း၊ နိုင်ငံတကာတပ်ဖွဲ့တွေရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် ၂ ရာခိုင်နှုန်းနဲ့ အတိအကျ မသိရတာက ၁၀ ရာခိုင်နှုန်း ရှိပါတယ်။
မှတ်တမ်းစတင်ခဲ့တဲ့ ၂၀၀၉ ခုနှစ်ကတည်းကဆိုရင် အာဖဂန်အရပ်သား ၁၈၀၀၀ လောက်သေဆုံးခဲ့ပြီး ၃ သောင်းနီးပါး ဒဏ်ရာရရှိခဲ့ကြပါတယ်။