ကမ္ဘာပေါ်တွင် အာဖဂန်စစ်ပွဲ အရပ်သားသေဆုံးမှု အများဆုံးဖြစ်

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က အာဖဂန်နစ္စတန်စစ်အတွင်း အရပ်သား ထိခိုက်သေဆုံးမှုဟာ အရင်တနှစ်ကထက် ၂၂ ရာခိုင်နှုန်း မြင့်တက်လာပြီး စတင်မှတ်တမ်းတင်ခဲ့တဲ့ ၂၀၀၉ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂက ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မနှစ်က အာဖဂန်စစ်ပွဲအတွင်း ထိခိုက်သေဆုံးသူ ၁ သောင်းကျော်ခဲ့ပြီး ကမ္ဘာပေါ်မှာ အရပ်သားသေဆုံးမှုအများဆုံး စစ်ပွဲလည်း ဖြစ်တယ်လို့ အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်က ပြောဆိုပါတယ်။ အရင်နှစ်တွေက လမ်းဘေးထောင်ဗုံးတွေကြောင့် အရပ်သားသေဆုံးမှု အများဆုံးဖြစ်ခဲ့ပေမယ့် ၂၀၁၄ ခုနှစ်မှာတော့ နှစ်ဖက်တိုက်ပွဲတွေကြား အရပ်သားသေဆုံးမှု အများဆုံး ဖြစ်လာတာပါ။ ထိခိုက်သေဆုံးသူ ၁ သောင်းကျော်ထဲမှာ ကလေးထိခိုက်သေဆုံးမှုက ၂၇၀၀ ကျော်နဲ့ ၄၀ ရာခိုင်နှုန်း၊ အမျိုးသမီးထိခိုက်သေဆုံးမှုကတော့ ၉၀၀ ကျော်နဲ့ ၂၁ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဒါရိုက်တာ Georgette Gagnon က ပြောပါတယ်။ အာဖဂန်နစ္စတန်မှာ ၁၃ နှစ်ကြာတပ်စွဲခဲ့တဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ ရုပ်သိမ်းခဲ့တဲ့ ၂၀၁၄ ဒီဇင်ဘာလကတော့ ၁ လတည်းနဲ့ အရပ်သား ၅၀၀ ကျော် သေဆုံးခဲ့ပါတယ်။ တာလီဘန်တွေကတော့ သူတို့တွေကြောင့် အရပ်သားတွေ သေဆုံးရတယ်ဆိုတာကို ငြင်းဆန်ပြီး ကုလသမဂ္ဂရဲ့ စာရင်းတွေဟာ ဘက်လိုက်တယ်လို့ ပြောပါတယ်။ အရပ်သားထိခိုက်သေဆုံးမှုတွေမှာ တာလီဘန်နဲ့ မဟာမိတ်တွေကြောင့် ၇၂ ရာခိုင်နှုန်း၊ အာဖဂန်စစ်တပ်ကြောင့် ၁၄ ရာခိုင်နှုန်း၊ နိုင်ငံတကာတပ်ဖွဲ့တွေရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် ၂ ရာခိုင်နှုန်းနဲ့ အတိအကျ မသိရတာက ၁၀ ရာခိုင်နှုန်း ရှိပါတယ်။ မှတ်တမ်းစတင်ခဲ့တဲ့ ၂၀၀၉ ခုနှစ်ကတည်းကဆိုရင် အာဖဂန်အရပ်သား ၁၈၀၀၀ လောက်သေဆုံးခဲ့ပြီး ၃ သောင်းနီးပါး ဒဏ်ရာရရှိခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up