သားဆက်ခြားဥပဒေ အမျိုးသားလွှတ်တော်အတည်ပြု

4.2K
၃ နှစ်မှာ ကလေး ၁ ယောက်နှုန်းသာ မွေးဖွားခွင့်ကန့်သတ်တဲ့ သားဆက်ခြားဥပဒေကို အမျိုးသားလွှတ်တော်မှာ ဒီကနေ့ အတည်ပြုပါတယ်။
အမျိုးစောင့်ဥပဒေကြမ်းလေးခုထဲက ‘လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကြမ်း’ ကို ထောက်ခံသူ ၁၀၀ ကျော်၊ ကန့်ကွက်သူ ၁၀ကျော်၊ ကြားနေ ၄ မဲနဲ့ အတည်ပြုခဲ့ပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက “အဓိကက လူဦးရေသိပ်များရင် ကျန်းမာရေးအရ မကောင်းဘူး။ နောက်တခါ သယံဇာတထွက်တာနဲ့ လူဦးရေပွားတာနဲ့က မမျှဘူးဆိုရင် ဒါ အန္တရာယ်ရှိလာပြီပေါ့နော်။ အဲ့ဒါကြောင့်မို့ အဲ့ဒီနေရာမှာ ၃ နှစ်ကို ကလေးတယောက်မွေးခွင့်ပေါ့၊ ဒီကြားထဲမှာ သားဆက်ခြားထားမယ်” လို့ ပြောပါတယ်။
အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (မဘသ) က လက်မှတ်ပေါင်း ၁ သိန်းကျော်ကောက်ယူရရှိပြီး သမ္မတထံတင်ပြခဲ့တဲ့အပေါ် သမ္မတညွှန်ကြားချက်နဲ့ ရှေ့နေချုပ်ရုံးက ဥပဒေကြမ်းရေးဆွဲပြီး အမျိုးသားလွှတ်တော်မှာ တင်သွင်း အတည်ပြုခဲ့တာဖြစ်ပါတယ်။
ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ လူဦးရေ တိုးပွားနှုန်းဥပဒေကြမ်းနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုစားလှယ် ဦးအောင်ကြည်ညွန့်နဲ့ ချင်းတိုင်းရင်းသားကိုယ်စားလှယ် ဦးဇိုလှယ်ထန်းတို့က ကန့်ကွက်ဆွေးနွေးခဲ့ကြပေမယ့် လျှို့ဝှက်စက်ခလုတ်သုံးမဲခွဲရာမှာတော့ ထောက်ခံသူများတဲ့အတွက် ဥပဒေအတည်ဖြစ်သွားခဲ့ပါတယ်။
အခု အမျိုးသားလွှတ်တော်ကအတည်ပြုလိုက်တဲ့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ဆက် လက် ဆွေးနွေးကြရဦးမှာ ဖြစ်ပါတယ်။
မျိုးစောင့်ဥပဒေတွေထကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊ လူဦးရေတိုးပွား နှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်း၊ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ တလင်တမယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်း စတဲ့ အမျိုးစောင့်ဥပဒေကြမ်းလေးခုကို လွှတ်တော်တွေမှာ တင်ပြဆွေးနွေးနေကြတာ ဖြစ်ပါတယ်။
လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတချို့ကတော့ လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ဥပဒေကြမ်းဟာ လူ့အခွင့်အရေးချိုးဖောက်ရာရောက်တယ်၊ ပြည်နယ်တခုတည်းကိုပဲ ရည်ရွယ်ပြီး ရေးဆွဲထားတယ်ဆိုပြီး လွှတ်တော်မတင်ခင်ကတည်းက ကန့်ကွက်ခဲ့ကြပါတယ်။