မြန်မာနိုင်ငံ အရှေ့ပိုင်း ကိုးကန့်ဒေသက သက်ဆိုင်တဲ့ အဖွဲ့တွေအနေနဲ့ တင်းမာမှုကို ကူညီထိန်းသိမ်းပြီး အရပ်သားတွေ ထိခိုက်နစ်နာမှုကနေ ရှောင်ရှားနိုင်ဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။
ဖေဖော်ဝါရီ ၉ ရက်က စတင်ပြီး အစိုးရ စစ်တပ်နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ (MNDAA)တို့ တိုက်ပွဲပြင်းထန်နေတဲ့ အပေါ် ကုလ ပြောခွင့်ရရုံးခန်းကနေ ဖေဖော်ဝါရီ ၁၇ ရက်နေ့က အခုလို ပြောဆိုလိုက်တာလို့ ဆင်ဟွာ သတင်းမှာ ရေးပါတယ်။

နယ်စပ်ဒေသမှာ တိုက်ပွဲတွေဖြစ်ပွားပြီး ပဋိပက္ခတွေ ပိုပြင်းထန်လာတာကို အလွန် စိုးရိမ်မိတယ်လို့ ကုလပြောခွင့်ရကို ကိုးကားပြီး သတင်းတွေမှာ ရေးပါတယ်။
ဒီဧရိယာထဲက တိုက်ပွဲဝင် သက်ဆိုင်ရာ ပါဝင်ပတ်သက်တဲ့သူတွေ အားလုံး ထိန်းထိန်းသိမ်းသိမ်းနဲ့ နောက်ထပ်တိုက်ပွဲတွေ မဖြစ်ပွားအောင် ရှောင်ရှားဖို့လည်း သတိပေးလိုက်ပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်နေ့က အစိုးရနဲ့ ကိုးကန့်တိမ်းရှောင်အဖွဲ့အကြား တိုက်ပွဲဖြစ်နေတဲ့ ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ကနေ စစ်ဘေးဒုက္ခသည်တွေ သယ်ဆောင်တဲ့ ကြက်ခြေနီကယ်ဆယ်ရေး ယာဉ်တန်း သေနတ်ပစ်ခံရပြီး ၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
အခုလို ပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာသာလှရွှေက “တိုက်ပွဲကြောင့် နေရပ်ပြန်သူများကို လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ပေးနေစဉ်မှာ အခုလို ဒဏ်ရာရရှိကြောင်းသိရတဲ့အတွက် အလွန်ပဲ ၀မ်းနည်းရပါတယ်။ ဒီလို အခက် အခဲတွေကြားထဲက ကူညီပေးနေတဲ့သူတို့ကို လေးစားရမှာဖြစ်ပြီး ပစ်မှတ်အဖြစ် မတိုက်ခိုက်သင့်ပါဘူး” လို့ မနေ့က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
မြန်မာအစိုးရကလည်း ကိုးကန့်ဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ကစပြီး ၃ လကြာ အရေးပေါ်အခြေအနေသတ်မှတ်ပြီး စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်သွားတော့မယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။