အီဗရာဟီမိုဗစ် အငတ်ဘေးဒဏ်ခံနေရသူများ၏ အမည်ရေးထိုးပြီး ပညာပေး

608
ဆွီဒင်လက်ရွေးစင် ပီအက်စ်ဂျီကလပ်အသင်း တိုက်စစ်မှူး အီဗရာဟီမိုဗစ်ဟာ ကမ္ဘာပေါ်မှာ အငတ်ဘေးဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရသူတွေရဲ့ နာမည်တွေကို ခန္ဓာကိုယ်မှာဆေးမင်ကြောင်ထိုးပြီး အသိပညာပေးမှုတခု ပြုလုပ်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့က ကစားခဲ့တဲ့ ကိန်းအသင်း နဲ့ ၂ ဂိုးစီ သရေကျတဲ့ပွဲစဉ်မှာ မိုဗစ်ဟာ ပွဲအစ ၂ မိနစ် မှာ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီးနောက် သူ့အင်္ကျီကို ချွတ် ပြီး ခန္ဓာကိုယ်က ဆေးမင်ကြောင်တွေကို ပြသ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။
ကမ္ဘာတ၀ှမ်း အငတ်ဘေးဒဏ်ခံနေရသူတွေကို ကူညီပေးနေတဲ့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရဲ့ ပညာပေးအစီအစဉ်အရ လုပ်ဆောင်ခဲ့တာလို့ မိုဗစ်က ပြောပါတယ်။
“လောလောဆယ် လူ ၅၀ ရဲ့ အမည်ကို ရေးထိုးထားပါတယ်။ သူတို့ဟာ ကမ္ဘာတ၀ှမ်းမှာ အငတ်ဘေးဒဏ်ကို တကယ့်ကို ခံစားနေရတဲ့သူတွေပါ။ ဆေးမင်ကြောင်တွေ ကုန်သွားပေမယ့် အငတ်ဘေးဒဏ် ခံစားရတဲ့လူတွေကတော့ ဆက်လက်ရှိနေပါလိမ့်မယ်။ ကမ္ဘာတ၀ှမ်းမှာ အငတ်ဘေးဒဏ် ခံစားနေရသူ ၈၀၅ သန်းလောက် ရှိပါတယ်။ ဒါ့ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ကို ကူညီဖို့ ကျနော်ကနေတဆင့် ခင်ဗျားတို့ကို သိစေချင်တာပါ” လို့ အီဗရာဟီမိုဗစ်က ပွဲအပြီးမှာ ပြောပါတယ်။