တရုတ်သမ္မတ ရှီကျင့်ပင်းကတော့ တော်လှန်ရေးအခြေစိုက်ဒေသတွင်း ဆင်းရဲမွဲတေမှု အဆုံးသတ်ပြီး ဒေသခံတွေရဲ့ လူနေမှုအဆင့်အတန်း တိုးမြှင့်ရေးကို လိုလားကြောင်း ပြောဆိုလိုက်ပါတယ်။

တရုတ်သမ္မတဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကစတဲ့ နွေဦးပွဲတော် လူထုနှုတ်ဆက်မှုအတွင်း ရှန်းရှီးပြည်နယ်ကို အလည်သွားချိန်မှာ ခုလို မှတ်ချက်ပြု ပြောဆိုလိုက်တာပါ။
ရှန်းရှီး၊ ဂန်စုနဲ့ နင်းရှားဟွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့က မြို့ ၂၄ မြို့က ပါတီခေါင်းဆောင်တွေနဲ့ အစည်းအဝေးအတွင်း တရုတ်သမ္မတက ဆင်းရဲမွဲတေမှုကို မတိုက်ဖျက်နိုင်ရင် လူ့အဖွဲ့အစည်းက မပြည့်စုံ ဖြစ်နေမယ်လို့ ပြောပါတယ်။
ဒေသခံတွေ ကြွယ်ဝစေဖို့ အခြေခံအဆောက်အဦ၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေး စတာတွေ တိုးတက်စေဖို့ ဘဏ္ဍာရေးအထောက်အပံ့နဲ့ မူဝါဒတွေကို တရုတ်သမ္မတက မျှော်လင့်ထားပါတယ်။
ဒေသတွင်း ရှိသမျှနဲ့ အကောင်းဆုံး လုပ်ဖို့ လုပ်ငန်းသစ်တွေ တိုးတက်စေဖို့နဲ့ ဒေသထွက်ကုန်စည်တွေ ပေါများစေဖို့ တရုတ်သမ္မတက အားပေးပါတယ်။ ဒါပေမယ့် သယံဇာတ အရင်းအမြစ်တွေကို အလွန်အကျွံသုံးစွဲတာနဲ့ ညစ်ညမ်းမှုတွေကိုတော့ လုံးဝပိတ်ပင်တယ်လို့ ပြောပါတယ်။
တရုတ်သမ္မတဟာ ယဉ်ကျေးမှုတော်လှန်ရေးကာလ ကျေးလက်လုပ်သားအဖြစ် သူ အလုပ်လုပ်ဖူးတဲ့ လျန်ကျားဟော်မြို့က ရွာသားတွေနဲ့လည်း တွေ့ဆုံပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့ကတော့ တရုတ်ကွန်မြူနစ်ပါတီ ၇ ကြိမ်မြောက် အမျိုးသားညီလာခံ ကျင်းပခဲ့ဖူးတဲ့ ရန်ကျားလင်းမြို့နဲ့ တရုတ် တောင်တန်းတော်လှန်ရေး အခြေစိုက်စခန်း ဖြစ်ခဲ့ဖူးတဲ့ ကျိုးကျင်းမြို့တွေ ဆက်လက် လည်ပတ်ပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကတော့ ရှန်းရှီးပြည်နယ်ရဲ့ မြို့တော် ရှီးအန်းမြို့ကို သွားရောက်လည်ပတ်ပါတယ်။
ခရီးစဉ်အတွင်း သမ္မတက အင်ဂျင်နီယာတွေ သိပ္ပံနဲ့ နည်းပညာနယ်ပယ်မှာ ဖန်တီးမှုတွေ လုပ်ဖို့နဲ့ ပြတိုက်ဝန်ထမ်းတွေက ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းရေး ပိုအားထုတ်ဖို့ အားပေးခဲ့ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီဟာ တော်လှန်ရေးစိတ်ဓာတ်ကို ဆက်လက်မွေးမြူဖို့ တိုင်းပြည်ကြွယ်ဝရေးနဲ့ လူထု ကောင်းစားရေးကို မဆုတ်မနစ်တမ်း အားထုတ်ဖို့ တရုတ်သမ္မတက အလေးထား ပြောဆိုခဲ့ပါတယ်။