A d v e r t i s e m e n t With Us

ဒရုန်းလေယာဉ်ငယ်များကို စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုခွင့်ဥပဒေကြမ်း အမေရိကန် ထုတ်ပြန်

အမေရိကန်အစိုးရက အဝေးထိန်းဒရုန်းလေယာဉ်ငယ်တွေကို စီးပွားရေးလုပ်ငန်းတွေမှာ အသုံးပြုခွင့် ဥပဒေကြမ်းကို ဖေဖော်ဝါရီ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။ ဒီ ဥပဒေကြမ်းက အမေဇုန်အင်တာနက်စတိုးဆိုင်က ဒရုန်းလေယာဉ်ငယ်တွေနဲ့ ကုန်ပစ္စည်းတွေကို အိမ်တိုင်ယာရောက် လိုက်လံပို့ပေးမယ်အစီအစဉ်ကိုတော့ ပိတ်ပင်မှုမရှိပါဘူး။ ဒါပေမယ့် ဒရုန်းလေယာဉ်တွေကို ထိန်းချုပ်မယ့်သူတွေဟာ အမေရိကန်လေကြောင်း အာဏာပိုင်အဖွဲ့ရဲ့ အသိအမှတ်ပြု လက်မှတ်ရယူရမှာ ဖြစ်ပြီး အမြင့်ပေ ၅၀၀ အထက်ကို ပျံသန်းခွင့် မပြုပါဘူး။ နေ့အချိန်မှာပဲ ပျံသန်းခွင့် ရှိပြီး မျက်စိနဲ့ တိုက်ရိုက်မြင်ကွင်းမှာပဲ ပျံသန်းခွင့်ပြုထားပါတယ်။ တချို့ကိစ္စတွေမှာ နည်းပညာအကူအညီနဲ့ မျက်ကွယ်မှာ ပျံသန်းခွင့်ကိုလည်း စဉ်းစားမယ်လို့ ပါရှိပါတယ်။ အမေဇုန်ကတော့ ဈေးဝယ်သူတွေရဲ့ ကုန်ပစ္စည်းတွေကို ဒရုန်းနဲ့ ပေးပို့မယ့်အစီအစဉ်ကိုတော့ ဥပဒေက ခွင့်ပြုတဲ့နေရာတွေမှာ လုပ်ဆောင်မယ်လို့ ပြောဆိုပါတယ်။ ဒီဥပဒေကြမ်းကို လူထုကို ချပြပြီး ပြုပြင်အုံးမှာ ဖြစ်တာကြောင့် လာမယ့် ၂ နှစ်အတွင်း အတည်ပြု နိုင်အုံးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အမေဇုန်အင်တာနက် စတိုးဆိုင်က အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ ဒရုန်းလေယာဉ်ငယ်များ ညွန့်ပေါင်းအဖွဲ့ကတော့ ဒီဥပဒေကြမ်း ထွက်လာတာကို ထောက်ခံကြိုဆိုပါတယ်။ ဒါပေမယ့် ဒရုန်းလေယာဉ်ငယ်တွေကို တိုက်ရိုက်မြင်ကွင်း မဟုတ်တဲ့ နေရာတွေမှာပါ ပျံသန်းခွင့်ရမှ သူရဲ့ နည်းပညာကို အပြည့်အ၀ အသုံးချရာရောက်မယ်လို့ ညွန့်ပေါင်းအဖွဲ့က ပြောဆိုပါတယ်။ တရုတ်နိုင်ငံက အကြီးဆုံးအင်တာနက်စတိုးဆိုင်ကြီး အလီဘာဘာ(Alibaba)ကတော့ ဒရုန်းလေယာဉ်ငယ်တွေနဲ့ ကုန်ပစ္စည်းတွေ ပို့ဆောင်မှုကို အခုလဆန်းပိုင်းက တရုတ်နိုင်ငံမှာ စတင်စမ်းသပ်ပါတယ်။ ဂူဂယ်ကလည်း သြစတြေးလျနိုင်ငံမှာ စမ်းသပ်နေပြီး DHS ကုန်ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှုကုမ္ပဏီကတော့ ဂျာမနီနိုင်ငံမှာ စတင် စမ်းသပ်နေတယ်လို့ သိရပါတယ်။ [gallery ids="82070,82071,82072,82073"]

A d v e r t i s e m e n t With Us

More News
Up